တော့တင်ဟမ်နဲ့ ကောလာဟလတွေကို ရယ်ရယ်မောမောပယ်ချလိုက်တဲ့ ရှောင်ဒိုက်ချ်
ရှောင်ဒိုက်ချ်က သူ့ကို တော့တင်ဟမ်အသင်း ဆက်သွယ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ရယ်စရာတစ်ခုလိုပဲ သဘောထားပြီး ပယ်ချလိုက်ပါတယ်။
လက်ရှိမှာ တော့တင်ဟမ်က တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာ ရှိနေလို့ နည်းပြတူဒေါရဲ့နေရာမှာ အစားထိုးရန် ဘန်လေနဲ့ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းရှောင်ဒိုက်ချ်ကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ ရှောင်ဒိုက်ချ်က Sky Sports ကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်တော်က လမ်းထိပ်ဘီယာဘားထဲမှာ ရှိနေတုန်း လူတစ်ယောက် ရောက်လာပြီး 'ခင်ဗျား ဒီည တော့တင်ဟမ်နဲ့ တွေ့ဖို့ရှိတယ်လို့ သတင်းတွေ ကြားတယ်' လို့ လာပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်ကလည်း 'အခု ခင်ဗျားဘေးမှာ ဂင်းနစ်ဘီယာတစ်ခွက်နဲ့ ရပ်နေတာလေ၊ အဲဒီတော့ သတင်းက ဟုတ်ဖို့ မလွယ်လောက်ဘူးထင်တယ်' လို့ ပြန်ပြောလိုက်တယ်" လို့ ဆိုပါတယ်။
အခုလိုအခြေအနေမျိုးမှာ မီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့လည်း သူက အခုလို မှတ်ချက်ပေးခဲ့ပါတယ်။
"အသင်းတစ်ခုနဲ့ နာမည်ထွက်လာပြီဆိုရင် လူစိတ်ဝင်စားအောင် လုပ်ချင်တဲ့ သတင်းတုသတင်းယောင်တွေ တောက်လျှောက်ထွက်လာတော့တာပါပဲ။ ဘာပဲလုပ်လုပ် တကယ့်ကိုခက်ခဲတဲ့အခြေအနေပါ။ နည်းပြတစ်ဦးဖြစ်လာပြီဆိုရင် တစ်ချိန်ချိန်မှာ ဒီလိုမေးခွန်းမျိုးတွေနဲ့ ကြုံရမယ်ဆိုတာ သိထားပြီးသားပါပဲ။ ဒီလိုမေးခွန်းတွေ မေးလာတဲ့အခါမှာလည်း လေးလေးစားစားပဲ ပြန်ဖြေဖို့ ကြိုးစားရပါတယ်။ တော့တင်ဟမ်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းကြီး တစ်ခုပါ။ အဲဒီတော့ ကျွန်တော်က 'အခုလို နာမည်ထွက်တာ ဂုဏ်ယူပါတယ်' လို့ ပြောလိုက်ရင်ပဲ 'ကြည့်ဦး... သူ ငြင်းမသွားဘူး' ဆိုပြီး အားလုံးက ဝိုင်းပြောကြတော့တာပဲလေ" လို့ ဒိုက်ချ်က ပြောကြားသွားခဲ့ပါတယ်။