တော့တင်ဟမ်ဂိုးသမားကင်စကီဆီ ဆက်သွယ်အားပေးခဲ့တဲ့အကြောင်းရင်းကို ရှင်းပြလာတဲ့ ဖီအိုရင်တီးနားကပ္ပတိန်ဒီဂီယာ
ဖီအိုရင်တီးနားအသင်းခေါင်းဆောင် ဒေးဗစ်ဒီဂီယာက ဒီလအစောပိုင်း၊ တော့တင်ဟမ်ဂိုးသမားကင်စကီဆီကို ဆက်သွယ်ပြီး အားပေးစကားပြောကြားခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကိုရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်တွေမှာ ကင်စကီးလူစားလဲလှယ်ခံရပြီးနောက် ဒီဂီယာက သူ့ဆီ လူမှုကွန်ရက်မှတဆင့် အားပေးစကား ပေးပို့လာခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ခဲ့တဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မန်ယူဂိုးသမားဟောင်းဒီဂီယာက "ဘာက အခက်ခဲဆုံးလဲလို့ မေးရင် အားလုံးပါပဲလို့ ဖြေရပါမယ်။ ဂိုးသမားတစ်ယောက်ရဲ့ဘဝက ဝတ်ဆင်ရတဲ့ဝတ်စုံမှစပြီး လေ့ကျင့်ခန်းတွေအထိ တခြားကစားသမားတွေနဲ့မတူဘဲ ကွဲပြားခြားနားပါတယ်။
အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပေမဲ့လည်း ခင်ဗျားက တစ်ဦးတည်း အထီးကျန်နေသလိုပါပဲ။ ဒါကြောင့် တကယ့်ကိုကြီးမားတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု လိုအပ်ပါတယ်။ ခင်ဗျားသာ အမှားတစ်ခုခုလုပ်မိလိုက်ရင် လူတိုင်း အဲဒါကို ချက်ချင်းသတိထားမိကြပါတယ်။
ဒီနေရာမှာရှိနေတဲ့စိန်ခေါ်မှုတွေကို ဂိုးသမားအချင်းချင်းပဲ အမှန်တကယ် နားလည်နိုင်ပါလိမ့်မယ်" လို့ ရှင်းပြခဲ့ပါတယ်။