လန်းနတ်ကားလ်ကိုယ်တိုင် ဂျာမနီနိုင်ငံသားဖြစ်နေမှုကိုပဲ ပရိသတ်တွေ ဝမ်းသာဂုဏ်ယူသင့်တယ်လို့ ပြောဆိုလိုက်တဲ့ ဖလော်ရီယန်ဝစ်ဇ်
လီဗာပူးအသင်းရဲ့အမာခံကစားသမား ဖလော်ရီယန်ဝစ်ဇ်က ဂျာမနီအသင်းဖော် လူငယ်ကစားသမားလေးလန်းနတ်ကားလ်ကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေးက ပြီးခဲ့တဲ့ သောကြာနေ့၊ ဆွစ်ဇာလန်ကို ၄ ဂိုး - ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းအတွက် သူ့ရဲ့ပွဲဦးထွက်ကို ပါဝင်ကစားခဲ့ပါတယ်။
Sport1 နဲ့ အင်တာဗျူးမှာ ဝစ်ဇ်က "ဒီသီတင်းပတ်၊ လေ့ကျင့်ရေးအစီအစဉ်မှသာ သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ သူက တကယ့်ကို ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး သူနဲ့အတူတွဲကစားရတာ တကယ်ပျော်ဖို့ကောင်းပါတယ်" လို့ ပြောပါတယ်။
"သူ့အပေါ်မှာ ဖိအားတွေ အများကြီးမပေးချင်ပါဘူး။ နောင်လာမယ့်နှစ်တွေမှာ သူက ကျွန်တော်တို့အတွက် ပျော်ရွှင်စရာတွေ အများကြီးယူဆောင်လာပေးပါလိမ့်မယ်။ သူက ဂျာမနီနိုင်ငံသားဖြစ်နေတာကိုပဲ ကျွန်တော်တို့ ဝမ်းသာဂုဏ်ယူနေရပါမယ်" လို့လည်း ဆက်ပြောပါတယ်။
ဒီခြေစမ်းပွဲစဉ်မှာ ဝစ်ဇ်က ဂျာမနီအသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။