The network connection is lost.

Banner Image

အင်္ဂလန်ခံစစ်မှူးတွေအနက် မက်ဂွိုင်းယားကို ဦးစားပေးအဆင့်အောက်မှာသာ ရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားလိုက်တဲ့ သောမတ်စ်တူချယ်

သောမတ်စ်တူချယ်က မက်ဂွါရီကို သူ့အတွက် ပဥ္စမမြောက်ရွေးချယ်မှုအဖြစ်သာ ရှိနေတယ်လို့ ဖွင့်ဟလိုက်လို့ ယူနိုက်တက်ခံစစ်မှူးရဲ့ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်တွေအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ ဥရုဂွေးနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ တူချယ်က မက်ဂွါရီကို ၁၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့် ပေးအပ်ခဲ့ပါတယ်။

ဒါက မက်ဂွါရီအတွက် တူချယ်လက်အောက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိခြင်း ဖြစ်သလို သရဲနီကြယ်ပွင့်ကိုယ်တိုင်လည်း ဝင်ဘလေကွင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

မက်ဂွါရီက လက်ရွေးစင်အဆင့် ၆၅ ပွဲအထိ ကစားထားပြီး အင်္ဂလန်အသင်းနဲ့အတူ အဓိကပြိုင်ပွဲကြီးသုံးခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ဂျာမန်လူမျိုးနည်းပြကတော့ မက်ဂွါရီရဲ့အရည်အချင်းကို အသိအမှတ်ပြုပေမဲ့ အသက် ၃၃ နှစ်အရွယ်ခံစစ်မှူးကို သူ့ရဲ့ ဦးစားပေးစာရင်းအနက် ကွန်ဆာ၊ ဂူဟီ၊ ဂျွန်စတုန်းစ်၊ ချာလိုဘားတို့ရဲ့နောက်မှာသာ ရှိနေတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

"သူ့ဆီမှ ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်း အမှားအယွင်းမရှိတဲ့ ခံစစ်ကစားပုံကို မြင်ခဲ့ရပါတယ်။ ဒါ သူလုပ်နေကျအတိုင်းပါပဲ။ ဘောလုံးကိုင်နိုင်စွမ်း ကောင်းတယ်၊ တည်ငြိမ်တယ်၊ အမြင့်ဘောတွေအတွက် သန်မာမှုအပြည့်ရှိပြီး ပြစ်ဒဏ်ဘောတွေမှာလည်း အသင်းအတွက် လက်နက်ကောင်းတစ်ခုလို ဖြစ်ခဲ့ပါတယ်" လို့ တူချယ်က ဆိုပါတယ်။

"ကျွန်တော့်ရဲ့ အမြင်က ပြောင်းလဲမသွားပါဘူး၊ ဒါပေမဲ့ အသင်းအတွက် ပွဲထွက်စေချင်တဲ့ တခြားကစားသမားတွေ ရှိနေသလို ပုံစံချင်းမတူတဲ့ တခြားသူတွေကလည်း သူ့ထက် ရှေ့မှာ ရှိနေပါတယ်။ ကွန်ဆာနဲ့ ဂူဟီတို့က ရှေ့မှာရှိနေတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ လှုပ်ရှားမှုပိုင်းမှာဆိုရင်လည်း ချာလိုဘာက သူ့ထက် အနည်းငယ်သာလွန်နေတာကို တွေ့ရပါတယ်။ ပြီးတော့ ဂျွန်စတုန်းစ်လည်း ရှိပါသေးတယ်။ ဒါပေမဲ့ ဂျွန်စတုန်းစ်က ဒဏ်ရာရထားလို့ လေ့ကျင့်ရေးစခန်းသွင်းလေ့ကျင့်မှုဆီ လာရောက်ဖို့ လိုအပ်ခဲ့ပါတယ်။ အသင်းနဲ့အတူ သူဘယ်လိုရှိနေမလဲဆိုတာကို ကိုယ်တိုင်တွေ့ဖို့ လိုအပ်ခဲ့ပါတယ်။ အခုတော့ အသင်းနဲ့အတူ သူ ဘယ်လိုရှိမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ သူက ကျွန်တော်တို့နဲ့ ဆက်ရှိနေပါဦးမယ်" လို့ ပြောပါတယ်။

လာမယ့်အင်္ဂါနေ့၊ ဂျပန်နဲ့ကစားမယ့် ခြေစမ်းပွဲကတော့ မက်ဂွါရီအတွက် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရေးသက်သေပြဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်လာပါလိမ့်မယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် လက်ရွေးစင်ကစားသမား ၂၆ ဦးပါစာရင်းကို တူချယ်ထုတ်ပြန်ပြီးနောက် အင်္ဂလန်အသင်းက ဇွန်လမှာ ခြေစမ်းပွဲစဉ်နှစ်ခု ပြန်ကစားပါလိမ့်မယ်။

အခုချက်ချင်းသာ လူစာရင်းထုတ်ပြန်ပေးရမယ်ဆိုရင် မက်ဂွါရီ ပါဝင်မလားဆိုတဲ့ မေးခွန်းကိုတော့ တူဟယ်လ်က "အကယ်၍ဆိုတာတွေတော့ အများကြီးရှိတာပေါ့၊ ကျွန်တော်တို့က မနက်ဖြန်မှာ လူစာရင်းထုတ်ပေးရဖို့ မလိုအပ်သေးပါဘူး။ မက်ဂွါရီကိုယ်တိုင်လည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်မှာကစားသလိုမျိုးပဲ ဒီမှာလည်း ချက်ချင်းအသားကျအောင် ကစားပြနိုင်ခဲ့လို့ သူ့အပေါ် ကျေနပ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော့်အမြင် မပြောင်းလဲပါဘူး၊ သူ့ဆီကနေ ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်း အကုန်ရရှိခဲ့ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

ဂျွန်စတုန်းစ်ကတော့ လေ့ကျင့်ရေးမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့လို့ ဥရုဂွေးနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။

မန်စီးတီးနောက်ခံလူက နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်တွေအပြီး ကလပ်အသင်းအတွက် ၅ ပွဲသာ ကစားထားနိုင်ပြီး ပွဲထွက်ခွင့် ပုံမှန်ရဖို့ ရုန်းကန်နေရပါတယ်။

ဒါပေမဲ့ တူချယ်ကတော့ သူ့အပေါ် အပြည့်အဝယုံကြည်နေပြီး "ကမ္ဘာ့အဆင့်မီ ကစားသမား" လို့လည်း ချီးကျူးစကားဆိုခဲ့ပါတယ်။