The network connection is lost.

Banner Image

ဆက်စ်ကို ယူနိုက်တက်မှာ တဖြည်းဖြည်း တိုးတက်လာနေတဲ့အပေါ် ကျေနပ်မိကြောင်းဖွင့်ဟလာတဲ့ ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ ဘာဘာတော့ဗ်က ဘင်ဂျမင် ဆက်စ်ကိုရဲ့ လက်ရှိခြေစွမ်းအပေါ် သဘောကျမိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဆက်စ်ကိုဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

ဘာဘာတော့ဗ်က manutd.com ကို အခုလို ပြောပြခဲ့ပါတယ် - "သူ့မှာ အခုအချိန်မှာ လိုအပ်တဲ့ အရည်အသွေးတွေ အားလုံး ရှိနေပြီး အရာအားလုံးကလည်း သူ့အတွက် အဆင်ပြေချောမွေ့နေပါတယ်။ ဒီအတိုင်းပဲ ဆက်သွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုအချိန်မှာ သူ့အတွက် အခြေအနေတွေ ကောင်းမွန်လာပြီး တဖြည်းဖြည်းချင်း အံဝင်ခွင်ကျ ဖြစ်လာနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလိုမျိုးဖြစ်နေတာကိုပဲ ပိုသဘောကျပါတယ်။ သူက တဖြည်းဖြည်းချင်းနဲ့ မှန်မှန်ကန်ကန် ယုံကြည်မှုတွေ ရလာစေချင်သလို ဂိုးတွေလည်း သွင်းစေချင်ပါတယ်။ ဒီနှစ်ခုက ဆက်စပ်နေတာပါ။ ဂိုးတွေသွင်းနိုင်မှ ယုံကြည်မှုက ရလာမှာလေ။

သူက အသင်းမှာ သူ့ရဲ့နေရာကို ရှာဖွေနေဆဲဖြစ်ပေမဲ့ လူစားလဲခုံမှာ ရှိနေရင်တောင်မှ သူကွင်းထဲဝင်လာမယ်ဆိုရင် ပြိုင်ဘက်တွေအတွက် ခြိမ်းခြောက်မှုတွေ၊ ကြောက်ရွံ့မှုတွေ ပေးနိုင်နေပြီး ဂိုးတွေလည်း ရလာစေပါတယ်။ သူ့ကို လူစားဝင်ကစားသမားအဖြစ် ဝင်လာပြီး တစ်ခါတလေ ဂိုးတွေသွင်းတာ၊ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ပြီး ဂိုးသွင်းတာတွေကို မြင်ရတာ တကယ်ကို ကောင်းပါတယ်။ အမှန်အတိုင်းပြောရရင် ဘောလုံးက ဂိုးပိုက်ထဲ ရောက်သွားဖို့ပဲ အရေးကြီးတာမို့ သူ ဘယ်လိုဂိုးမျိုး သွင်းတယ်ဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး။ အဲ့ဒီယုံကြည်မှုမျိုး ရလာပြီဆိုရင်တော့ သင် ကွင်းထဲခြေချလိုက်တာနဲ့ ဂိုးတွေ ရတော့မယ်ဆိုတာ အသေအချာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။