တာစတီဂန်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ဖို့ အခွင့်အလမ်း အလွန်အမင်းနည်းပါးနေပြီလို့ နာဂယ်စ်မန်းဆို
ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းက ဒဏ်ရာမှ ပြန်သက်လာအောင် ကြိုးစားနေရတဲ့ ဂိုးသမားတာစတီဂန်အတွက် ဒီနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ဘာစီလိုနာဂိုးသမားက လက်ရှိမှာ ဂျီရိုနာအသင်းဆီ အငှားသွားရောက်ကစားနေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ပေါင်နောက်ကြောကြွက်သား (hamstring) ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒါက ဝါရင့်ဂိုးသမားအတွက် အဆက်မပြတ်ကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာတွေအနက် တစ်ခု ဖြစ်ပါတယ်။
တနင်္လာနေ့၊ စတုဂတ်မြို့မှာ ဂါနာနဲ့ကစားမယ့် ခြေစမ်းပွဲမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် နာဂယ်စ်မန်းက တာစတီဂန်နဲ့ အခုသီတင်းပတ်အတွင်း စကားပြောဖြစ်ခဲ့တယ်လို့ ထုတ်ဖော်လာခဲ့ပါတယ်။ ဒါ့အပြင် တာစတီဂန်အတွက် ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်လာဖို့ဆိုတာ အခွင့်အလမ်း မရှိသလောက်ဖြစ်နေပြီလို့ နည်းပြက ဆိုပါတယ်။
"အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ကြည့်ရင် သူ (တာစတီဂန်) ပြန်ပါလာနိုင်ဖို့ အခွင့်အရေးကတော့ အလွန်အမင်း နည်းပါးပါတယ်" လို့ နာဂယ်စ်မန်းက ပြောပါတယ်။
"သူက တစ်နှစ်လောက် မကစားနိုင်ခဲ့သလို အခုလည်း ဒဏ်ရာထပ်ရသွားပြန်တယ်။ ပြောရရင် သူက ကွင်းထဲမှာ မကစားနိုင်ခဲ့တာ တစ်နှစ်လောက်တောင် ရှိသွားပြီ၊ ကစားခွင့်ရတဲ့ ပွဲအရေအတွက်လည်း အရမ်းနည်းလွန်းပါတယ်။
သူကိုယ်တိုင် ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး ကြိုးစားအားထုတ်သင့်ပါတယ်။ ဒါပေမဲ့ သူက အသက် ၂၁ နှစ်အရွယ်လူငယ်လေးတစ်ဦးတော့ မဟုတ်ဘူးလေ။ သူက ပွဲအတွေ့အကြုံအများကြီးရှိထားတဲ့ ကစားသမားပါ။
သူ့အတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံး စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်" လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
နူအာရဲ့နောက်မှာ အချိန်အတော်ကြာ အရန်ဂိုးသမားအဖြစ် ရှိနေခဲ့တဲ့ တာစတီဂန်က ယူရို-၂၀၂၄ အပြီး နူအာ အနားယူသွားပြီးနောက် ဂျာမနီရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ နာဂယ်စ်မန်းက တာစတီဂန်ကို ကမ္ဘာ့ဖလားအတွက် ဂျာမနီရဲ့ အဓိကဂိုးသမားလောင်းဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့၊ ဆွစ်ဇာလန်ကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းခြေစမ်းပွဲစဉ်မှာတော့ ဟော်ဖန်ဟိမ်းဂိုးသမားအိုလီဗာဘူမန်းက ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။