ဆန်းဒါးလန်းနဲ့ပွဲစဉ်အတွက် ဘန်ဒေးဗီးကို နည်းပြအဖြစ် တာဝန်ပေးအပ်ဖို့ တော့တင်ဟမ်အသင်းစဉ်းစားနေ
လာမယ့်တနင်္ဂနွေနေ့၊ ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ဘန်ဒေးဗီးစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ဖို့ တော့တင်ဟမ်အသင်းတာဝန်ရှိသူတွေ စဉ်းစားနေပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ယာယီနည်းပြအီဂေါတူဒေါကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် တော့တင်ဟမ်က လတ်တလောမှာ အသင်းကို အစားထိုးကိုင်တွယ်ပေးနိုင်မယ့် ရေတိုနည်းပြသစ်တစ်ဦး ရှာဖွေနေပါတယ်။
အသင်းရဲ့ပထမဦးစားပေးပစ်မှတ်အဖြစ် ဒီဇာဘီကို သတ်မှတ်ထားပေမဲ့လည်း အီတလီလူမျိုးနည်းပြက အခုလိုရာသီဝက်ကာလမှာ ရာထူးလက်ခံဖို့ ဝန်လေးနေပြီး တနင်္ဂနွေနေ့ပွဲစဉ်အတွက် ကွင်းဘေးမှတဆင့် ကြီးကြပ်ပေးနိုင်မယ့် ယာယီနည်းပြသစ်တစ်ဦးကို တော့တင်ဟမ်တို့ ထပ်မံရှာဖွေနေရပါတယ်။
ဒါကြောင့် မြောက်လန်ဒန်ကလပ်အသင်းတာဝန်ရှိသူတွေက အသင်းရဲ့ နည်းပြအဖွဲ့ဝင်လည်းဖြစ်၊ သံတမန်လည်းဖြစ်တဲ့ လတ်ဒလေကင်းနဲ့အတူ ဝေးလ်နောက်ခံလူဘန်ဒေးဗီးစ်တို့ကိုပါ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ Mirror သတင်းစာမှ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးခင်ကမှ ဝက်စ်ဘရွန်းအသင်းနည်းပြတာဝန်မှ ဖယ်ရှားခံထားရတဲ့ ရိုင်ယန်မေဆင်လည်း ရေပန်းစားနေတဲ့ လျာထားခံရသူတစ်ဦး ဖြစ်ပါတယ်။ တော့တင်ဟမ်ကွင်းလယ်လူဟောင်းမေဆင်က ၂၀၂၁ ခုနှစ်၊ မော်ရင်ဟို ရာထူးမှထုတ်ပယ်ခံရချိန် ယာယီနည်းပြအဖြစ် အသင်းကို တာဝန်ယူပေးခဲ့ဖူးပါတယ်။