အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမျှော်လင့်ချက်ကို သုံးသပ်ပြောဆိုလာတဲ့ ပီတစ်
အာဆင်နယ်ဂန္ထဝင်ကစားသမားပီတစ်က ချန်ပီယံလိဂ်မှာ အသင်းဟောင်းရဲ့ အောင်မြင်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။
အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်က စပို့တင်းလစ္စဘွန်းကို အနိုင်ရမယ်ဆိုရင် ဆီမီးဖိုင်နယ်အဆင့်မှာ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာ ဒါမှမဟုတ် အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ဒါက ဂန်းနားတွေအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ရလဒ်တွေအပေါ်မူတည်ပြီး နည်းပြအာတီတာရဲ့ လက်အောက် ပထမဆုံးဥရောပဖလားကို အရယူဖို့ ကြိုးစားရင်း ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ ဒါမှမဟုတ် လီဗာပူးတို့နဲ့ တွေ့ဆုံနိုင်ခြေ ရှိနေပါတယ်။
BetGoat နဲ့ စကားပြောဆိုရာမှာတော့ ပီတစ်က အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲခြေစွမ်းကောင်းတွေက ဥရောပပွဲစဉ်တွေမှာ အောင်မြင်ဖို့အတွက် အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
"လက်ရှိမှာတော့ သူတို့တွေက အိပ်မက်တစ်ခုထဲမှာ ရှင်သန်နေသလို ခံစားရပြီး ပရီးမီးယားလိဂ်မှာ ဖြစ်ပျက်နေတာတွေက သူတို့ကို အကြီးအကျယ် ယုံကြည်မှု တိုးစေပါတယ်။ မန်စီးတီးကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ပြန်မြင်တွေ့ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ အရင်သီတင်းပေတွ၊ လတွေကတည်းက ကျွန်တော်ပြောခဲ့သလိုပဲ အာဆင်နယ်ကသာ ပရီးမီးယားလိဂ်ဆုဖလားကို အရယူသွားပါလိမ့်မယ်။ ဒါကြောင့် ဒါက ကျွန်တော့်အတွက်တော့ ဦးစားပေးပါပဲ။ တကယ်လို့ တခြားဖလားတွေပါ ထပ်ရခဲ့ရင်တော့ ပိုကောင်းတာပေါ့။ သူတို့သာ ချန်ပီယံလိဂ်မှာ တစ်ခုခုထူးထူးခြားခြားလုပ်ပြနိုင်ခဲ့ရင် ဒါက ကလပ်သမိုင်းတစ်လျှောက် အံ့ဩစရာအကောင်းဆုံး နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် သူတို့မှာ ဒါကို လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဆိုတာ ပရီးမီးယားလိဂ်မှာ ဖြစ်ပျက်နေတာမျိုးနဲ့တော့ မတူဘူးပေါ့ဗျာ" လို့ ပီတစ်က ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ဒီအသင်းမှာ ထူးခြားတဲ့ စိတ်အားထက်သန်မှုတွေ၊ ခန့်မှန်းရခက်တဲ့ အရာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီလည်း ရှိသေးတယ်၊ သူတို့ကလည်း အတော်လေး အားကောင်းကောင်းနဲ့ ပြန်လာနေတာပါ။ ဒါကြောင့် အာဆင်နယ် ချန်ပီယံလိဂ်ဖလားရဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ အလုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ သူတို့ အရင်ဆုံးရယူရမယ့်ဖလားက ပရီးမီးယားလိဂ်ပါပဲ။ ဒါတော့ သေချာပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။
အာဆင်နယ်က လေဗာကူဆင်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းလာပါတယ်။ အခုအခါမှာတော့ ဥရောပဖလားကို အရယူပြီး ဒီရာသီမှာ သမိုင်းသစ်ရေးထိုးနိုင်ဖို့အတွက် စပို့တင်းကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။