ဖိအားတွေအောက်ကျရောက်နေတဲ့ အန်းစလော့ကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ကူရစ်
လီဗာပူးတိုက်စစ်မှူးဟောင်းကူရစ်က နည်းပြအန်းစလော့ကို လာမယ့်ဘောလုံးရာသီမှာလည်း အသင်းမှာ ဆက်ရှိနေသင့်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အန်းစလော့က လီဗာပူးအသင်းနဲ့ပွဲဦးထွက်ဘောလုံးရာသီမှာတင် ပရီးမီးယားလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ သူ့နေရာကို အလွန်ဆိုနဲ့ အစားထိုးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
FC Dordrecht အသင်းနည်းပြကူရစ်ကတော့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ Sky Sports ဆီ အခုလို ပြောပြခဲ့ပါတယ်။ "လီဗာပူးနည်းပြတစ်ဦးအတွက် ဖိအားဆိုတာ အမြဲတမ်းရှိနေပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း အများကြီးပြောင်းလဲဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက အမြဲတမ်းအနိုင်ရဖို့ လိုအပ်တယ်ဆိုတာကို ကောင်းကောင်းကြီးသိထားလို့ပါပဲ။"
"ဒီမှာရှိတဲ့လူတွေက အောင်မြင်မှုတွေကို အများကြီးမျှော်လင့်ထားကြပါတယ်။ ဒါက လီဗာပူးလိုကလပ်အသင်းရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ ဒီမှာ ဖိအားတွေဆိုတာ အမြဲတမ်းလိုလို အများကြီးရှိနေတာပါ၊ ယာဂန်ကလော့ပ် လက်ထက်မှာလည်း ဒီလိုပါပဲ။ အခု ကလော့ပ်ကို ကြည့်လိုက်ရင် အရမ်းကို ပေါ့ပေါ့ပါးပါးဖြစ်နေတာ တွေ့ရပါလိမ့်မယ်၊ ဒါက သူ လီဗာပူးနည်းပြ မဟုတ်တော့လို့ပါ" လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "အန်းစလော့အတွက် ဒီကလပ်အသင်းမှာ အချိန်တိုအတွင်း ရရှိထားတဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူသင့်ပါတယ်။ အရင်တုန်းကလည်း ပရီးမီးယားလိဂ်မှာ အဆင်မပြေချိန် ဥရောပပြိုင်ပွဲတွေမှာ လီဗာပူးတို့ အောင်မြင်မှုရနိုင်တယ်ဆိုတာကို ပြသခဲ့ဖူးပါတယ်။ အဲဒါကြောင့် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မလဲ၊ ကျွန်တော်ကတော့ အောင်မြင်မှုတွေ ထပ်ရရှိမယ်လို့ မျှော်လင့်ပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။