The network connection is lost.

Banner Image

ဖီယင်နုဆီ ပြန်သွားဖို့ လမ်းဖွင့်ပေးထားတဲ့ လီဗာပူးလက်ထောက်နည်းပြဗန်ဘရွန်ခရော့စ်

လီဗာပူးအသင်းလက်ထောက်နည်းပြဗန်ဘရွန်ရော့စ်က ကလပ်ဟောင်းဖီယင်နုဆီ တစ်နေ့မှာ ပြန်လည်အခြေချဖို့ အလားအလာရှိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဗန်ဘရွန်ခရော့စ်က ပြီးခဲ့တဲ့နွေရာသီကာလအတွင်း လီဗာပူးနည်းပြအန်းစလော့ရဲ့နည်းပြအဖွဲ့ဝင်အဖြစ် စတင်ပူးပေါင်းခဲ့ပါတယ်။

အာဆင်နယ်၊ ဘာစီလိုနာနဲ့ ရိန်းဂျားစ်တို့ရဲ့ ကြယ်ပွင့်ဟောင်းဖြစ်သူ ဗန်ဘရွန်ခရော့စ်ဟာ ဖီယင်နုအသင်းရဲ့ နည်းပြဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းက 1908.nl နဲ့ အင်တာဗျူးမှာ “ကျွန်တော့်အတွက် လီဗာပူးမှာ အခိုက်အတန့်ကောင်းတွေ ပိုင်ဆိုင်နေပါတယ်။ ဒါ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ ကလပ်အသင်းတစ်ခုပါ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက “ဖီယင်နုကတော့ ကျွန်တော့်အတွက် အမြဲတမ်းထူးခြားနေမယ့်အပြင် သံယောဇဉ်လည်း ရှိနေပါဦးမယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ အင်္ဂလန်မှာ လုပ်ကိုင်နေရတာတွေနဲ့ ဖောင်ဒေးရှင်းအတွက် လုပ်ဆောင်နေရတာတွေကိုပဲ ပျော်မွေ့နေပါတယ်။ အဲဒီမှာ အလုပ်တွေလည်း တော်တော်လေး စုံလင်လှပါတယ်” လို့လည်း ဆိုပါတယ်။

ရော့တာဒမ်အခြေစိုက် ဖီယင်နုအသင်းဆီ ပြန်သွားဖို့ ရှိ၊ မရှိ မေးမြန်းမှုကိုတော့ ဗန်ဘရွန်ခရော့စ်က “အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ” လို့ပဲ ထပ်လောင်းဖြေကြားခဲ့ပါတယ်။