The network connection is lost.

Banner Image

ဟယ်ရီကိန်းကို အားမကိုးဘဲနေတာကသာ မိုက်မဲရာကျလိမ့်မယ်လို့ တူချယ် ပြော

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကိုဦးဆောင်ဖို့အတွက် ဟယ်ရီကိန်းကို အပြည့်အဝယုံကြည်အားကိုးကြောင်း ထောက်ခံပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဝမ်ဘလေကွင်းမှာ ဂျပန်အသင်းကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်အသင်းအနေနဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းမပါတဲ့ တိုက်စစ်တန်းက ဘယ်လောက်အထိ အားနည်းလဲဆိုတာကို သိရှိသွားခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒီရာသီမှာ ဂျာမန်ကလပ်အတွက် ပွဲပေါင်း ၄၀ မှာ ၄၈ ဂိုးအထိ သွင်းယူပေးထားပြီး အကောင်းဆုံးခြေစွမ်းပြကာ လိဂ်ဖလားရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားပေးနေသူလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ သွင်းဂိုးအများဆုံးစံချိန်ရှင် ဟယ်ရီကိန်းဟာ အခုနွေရာသီ မြောက်အမေရိကမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အဓိကကျတဲ့နေရာက ပါဝင်လာမှာဖြစ်ပြီး၊ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဆုကြီးကို ရယူနိုင်ဖို့အတွက် ပရိသတ်တွေကလည်း စပါးတိုက်စစ်မှူးဟောင်းကြီးကိုပဲ အားကိုးနေကြတာပါ။

အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတွေသွားရင် ဟယ်ရီကိန်းကိုပဲ အလွန်အကျွံ အားကိုးနေရသလားဆိုတဲ့ မေးခွန်းအပေါ် တူချယ်က ခုလိုပဲ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

"အာဂျင်တီးနားက မက်ဆီကို အားကိုးသလို၊ ပေါ်တူဂီက စီရော်နယ်လ်ဒိုကို အားကိုးသလိုမျိုးပါပဲ။ ဒါဟာ မထူးဆန်းပါဘူး။ ဟယ်ရီကိန်းမပါရင် ကျွန်တော်တို့ဆီမှာ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်တဲ့အစွမ်းက သိသိသာသာ လျော့နည်းသွားပါတယ်။ ဘိုင်ယန်မြူးနစ်မှာလည်း ဟယ်ရီကိန်းမပါရင် ဒီလိုပဲ အားနည်းသွားတာပါပဲ။ ကမ္ဘာပေါ်က ဘယ်အသင်းမဆို သူ မပါရင် အရင်လို ခြိမ်းခြောက်မှုမျိုး လုပ်နိုင်မှာမဟုတ်ပါဘူး" လို့ တူချယ်က ITV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "ဟယ်ရီမပါဘဲလည်း ကျွန်တော်တို့ ပွဲတွေကို အနိုင်ကစားနိုင်ပါတယ်။ အရင်ကလည်း နိုင်ခဲ့ဖူးသလို ရှေ့လျှောက်လည်း အနိုင်ကစားသွားမှာပါ။ ဒါပေမဲ့ ဟယ်ရီပါရင်တော့ ပွဲတွေကို အနိုင်ရဖို့ ပိုလွယ်ကူတာပေါ့။ ကျွန်တော်က ဒုတိယမြောက် ဟယ်ရီကိန်းကို ရှာနေတာမဟုတ်သလို၊ ဒုတိယမြောက် ဟယ်ရီကိန်းဆိုတာလည်း မရှိပါဘူး" လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေ အများကြီးရှိနေပေမဲ့ ဟယ်ရီကိန်းမပါရင်တော့ တိုက်စစ်က သွားမရှိတဲ့ ကျားလိုမျိုး အားနည်းနေတတ်ပါတယ်။ ဒါကြောင့်လည်း ဒီနွေရာသီမှာ အသင်းအောင်မြင်ဖို့အတွက် ဘိုင်ယန်ကြယ်ပွင့်က မရှိမဖြစ် အရေးပါနေသလို၊ နောက်ပိုင်း သူ အနားယူသွားတဲ့အခါ အသင်းရဲ့အခြေအနေက ဘာဖြစ်သွားမလဲဆိုတာ ပရိသတ်တွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။