The network connection is lost.

Banner Image

မိုင်နူးက ယူနိုက်တက်ရဲ့ အနာဂတ်ဖြစ်တယ်လို့ ကတ်စ်မဲရိုးချီးကျူး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကတ်စ်မဲရိုးက ကိုဘီ မိနူးဟာ ကလပ်အသင်းရဲ့ "လက်ရှိနဲ့ အနာဂတ်" ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကတ်စ်မဲရိုးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူနဲ့အတူ နီးနီးကပ်ကပ် လက်တွဲခဲ့တဲ့ သူ့ရဲ့ အသင်းဖော်လူငယ်လေးအကြောင်းကို manutd.com နဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာပါ။ သူက "ကိုဘီက လက်ရှိရော အနာဂတ်ရောပါပဲ။ သူဟာ အကောင်းဆုံး နံပါတ် (၈) ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နောက်ထပ် ၁၂ နှစ်လောက်အထိ အဲဒီနေရာမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကျွန်တော် တကယ်သဘောကျတဲ့ ကစားသမားတစ်ယောက်ပါ။ သူက အမြဲတမ်း ဘောလုံးကို တောင်းနေတတ်သူပါ။ ဘောလုံးက မင်းရဲ့ စိတ်ဓာတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာ မှန်ပေမဲ့ ကိုဘီကတော့ သူ့ရဲ့ အာရုံစိုက်မှုကို တစ်ခါမှ မပြောင်းလဲခဲ့ဘူးဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ သူဟာ အခုလိုမျိုးပဲ ဆက်ပြီး အာရုံစိုက်နေဖို့လိုသလို အခုကစားနေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာလည်း ဆက်ရှိနေဖို့ လိုပါတယ်။ သူဟာ တကယ်ကို တော်တဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ အင်္ဂလန်အသင်းနဲ့အတူ ယူရိုဗိုလ်လုပွဲမှာရော၊ တခြား ဗိုလ်လုပွဲတွေမှာပါ ဒါကို သူ သက်သေပြခဲ့ပါတယ်။ ၂၀၂၄ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရတုန်းကလည်း သူ ဂိုးသွင်းခဲ့ပါတယ်။ သူက လက်ရှိရော အနာဂတ်ရောပါပဲ" လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကတ်စ်မဲရိုးက ကွန်ဟာ ဟာလည်း ယူနိုက်တက်အတွက် ပိုပြီး အရေးပါတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီရာသီမှာ သူအနှစ်သက်ဆုံး ဂိုးဖန်တီးမှုအကြောင်း မေးမြန်းရာမှာတော့ သူက "ကျွန်တော် အနှစ်သက်ဆုံးလားတော့ မသေချာပေမဲ့ ဒီနှစ်ထဲမှာ ကွန်ဟာ အတွက် လုပ်ပေးခဲ့တဲ့ ဂိုးဖန်တီးမှုကိုတော့ သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်တော် တော်တော်လေး ချစ်ခင်ရတဲ့ ကစားသမားဖြစ်ပြီး သူကလည်း သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ရယူချင်နေခဲ့တာကြောင့်ပါ။ သူ့အတွက် ပထမဆုံး ဂိုးဖန်တီးပေးသူဟာ ကျွန်တော်ဖြစ်ခဲ့တာကို သူ အမြဲတမ်း မှတ်မိနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူဟာ ယူနိုက်တက်အတွက် အလွန်အရေးပါလာမယ့် ကစားသမားဖြစ်ပြီး သူ့အတွက် ဂိုးဖန်တီးပေးခွင့် ရခဲ့တာပါပဲ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။