ချဲလ်ဆီးကစားသမားဟောင်း အိုဘီမီကယ်က ဖာနန်ဒက်ဇ်ကို အပြင်းအထန် ဝေဖန်
ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျွန်အိုဘီမီကယ်ဟာ အန်ဇိုဖာနန်ဒက်ဇ်ကို တစ်ကျော့ပြန် ဝေဖန်လိုက်ပြန်ပါတယ်။
အန်ဇိုဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတင် စပိန်နိုင်ငံ မက်ဒရစ်မြို့ဆီ ပြောင်းရွှေ့ချင်တဲ့အကြောင်းကို ဒုတိယအကြိမ်မြောက် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး ၎င်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။
ဘယ်နေရာမှာ နေထိုင်ချင်သလဲလို့ မေးမြန်းရာမှာတော့ အန်ဇိုက SpiderCARP ကို "မက်ဒရစ်ပါ... ကျွန်တော် မက်ဒရစ်ကို အရမ်းကြိုက်တယ်... အဲဒီမြို့က ဗျူနိုအေးရိစ်နဲ့လည်း ဆင်တူတယ်" လို့ ဖြေကြားခဲ့ပါတယ်။
ဒီအပေါ်မှာတော့ အိုဘီမီကယ်က ဒေါသတကြီးနဲ့ သူ့ရဲ့ ကိုယ်ပိုင် Obi One Podcast ကနေတစ်ဆင့် အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ "ဒါဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။"
"တကယ်လို့ အသင်းထဲမှာ ကစားသမားတွေ လေးစားအားကိုးရတဲ့ ခေါင်းဆောင်ကောင်းတွေသာ ရှိနေမယ်ဆိုရင် ခင်ဗျား အခုလို စကားမျိုးတွေ ပြောထွက်လာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ 'ငါပြောလိုက်ရင် အသင်းရဲ့ ဝတ်လဲခန်းထဲမှာ ဘယ်လိုတွေ ဖြစ်ကုန်မလဲ၊ အသင်းက အဓိကကစားသမားကြီးတွေ ဒါကို မြင်ရင် ဘယ်လို ခံစားရမလဲ' ဆိုတာကို ခင်ဗျား အရင်စဉ်းစားမိမှာပဲ။"
"ခင်ဗျားက အဲဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီးမှ အခုလို စကားတွေ ထွက်ပြောတာပဲ... အသင်းထဲက ဝါရင့်ကစားသမားတွေက ဒါကို ဘယ်လိုမျိုး အကောင်းမြင်နိုင်မှာလဲ။"
"သူကတော့ 'ငါ့ကို အသင်းထဲမှာ ဘယ်သူကများ အပြစ်တင်ရဲမှာလဲ' လို့ တွေးနေပုံရတယ်။ ဘယ်သူမှ မရှိဘူးလေ။ အသင်းထဲမှာ ခေါင်းဆောင်မှုဆိုတာ မရှိတော့ဘူး။ ဒါကြောင့်လည်း သူက 'ငါ ဖြစ်ချင်တာကို ပြောမယ်၊ ငါ့ကို ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှု မတောင်းဆိုနိုင်ဘူး' လို့ တွေးပြီး ပြောလိုက်တာပဲ။ အခုဖြစ်ပျက်နေတာကလည်း အဲဒီအတိုင်းပါပဲ" လို့ အိုဘီမီကယ်က ပြောကြားခဲ့ပါတယ်။