The network connection is lost.

Banner Image

တော့တင်ဟမ်ကစားသမားတွေ စိတ်ဓာတ်တက်ကြွလာလိမ့်မယ်လို့ ဆိုလိုက်တဲ့ လယ်လာနာ

ဒီဇာဘီကို တော့တင်ဟမ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်မှုနဲ့ပတ်သက်လို့ လယ်လာနာကတော့ အကောင်းမြင်စိတ် အပြည့်အ၀ရှိနေပါတယ်။

လက်ရှိမှာဆောက်သမ်တန်အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်နေတဲ့ လယ်လာနာက ဘရိုက်တန်ကစားသမားအဖြစ် ဒီဇာဘီရဲ့ လက်အောက်မှာ ကစာခဲ့ဖူးပါတယ်။

talkSPORT နဲ့ အင်တာဗျူးမှာ လယ်လာနာက "တော့တင်ဟမ်အသင်းဆီ ရလဒ်ကောင်းတွေကို ဒီဇာဘီ သယ်ဆောင်လာပေးမယ်ဆိုတာ သေချာပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော့်စိတ်ထဲမှာ ဘာသံသယမှ မရှိဘူး။ တော့တင်ဟမ်အသင်း တကယ့်ကို ကံကောင်းတယ်လို့ ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တောင် နည်းနည်းမနာလိုဖြစ်မိတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒီဇာဘီအကြောင်းလာမေးတဲ့ တော့တင်ဟမ်ကစားသမားတစ်ဦးနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့တယ်။ တော့တင်ဟမ်ကစားသမားတွေကိုယ်တိုင် စိတ်လှုပ်ရှားစရာ အနိမ့်အမြင့် အတက်အကျတွေ ကြုံတွေရနိုင်ပေမဲ့ ဒါက တကယ့်ကိုကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

ဆက်လက်ပြီး လယ်လာနာက "တကယ်တော့ ကျွန်တော်က သူ့ကို ယာဂန်ကလော့ပ်နဲ့ အမြဲတမ်းနှိုင်းယှဉ်လေ့ရှိပါတယ်။ ဘောလုံးပွဲအပေါ် သူတို့နှစ်ဦးလုံး ထားရှိတဲ့ စိတ်အားထက်သန်မှု (passion) ကြောင့်ပါ။ နည်းစနစ်ပိုင်းနဲ့ ပွဲကစားဟန်တွေမှာတော့ သူတို့က လုံးဝကွဲပြားကြပါတယ်။ ဒါပေမဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးတာနဲ့ စိတ်အားထက်သန်မှုအပိုင်းမှာတော့ သူတို့နှစ်ဦးက ထပ်တူပါပဲ" လို့ ဆိုပါတယ်။

"ဒီဇာဘီကိုယ်တိုင်လည်း သူ့ရဲ့ကိုယ်ပိုင်ကစားဟန် ဒါမှမဟုတ် စတိုင်လ်တစ်ခုခုကို ပုံဖော်ဖို့ အချိန်အများကြီး မရဘူးဆိုတာကို သိပါလိမ့်မယ်။ သူက အဲ့ဒါကို နားမလည်လောက်အောင် ခေါင်းမာမယ့်သူ မဟုတ်ပါဘူး။ အသင်းထဲကိုဝင်ပြီး ကစားသမားတွေကို ဘယ်လိုစိတ်ဓာတ်တက်ကြွအောင် လုပ်ရမလဲဆိုတာကို သူ ကောင်းကောင်းသိပါတယ်"

"ဒီဇာဘီအတွက် ကံကောင်းတာတစ်ခုက သူကိုယ်တိုင် သိချင်မှ သိပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော့်အမြင်အရ သူက လူတွေကို စိတ်ဓာတ်တက်ကြွအောင် အစွမ်းဆောင်နိုင်ဆုံးနည်းပြတွေနဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ပါတယ်။ သူ ဘရိုက်တန်ဆီ စရောက်ပြီး ပထမဆုံးအစည်းအဝေးမှာ စကားပြောလို့ ငါးမိနစ်လောက်အတွင်းမှာတင် ကျွန်တော်ကတော့ သူ့ကို အပြည့်အဝယုံကြည်လက်ခံသွားခဲ့ပါတယ်" လို့ လယ်လာနာက ဖွင့်ဟပါတယ်။