မူဒရစ်ခ် စိတ်ဓာတ်ကျနေတယ်လို့ ရှက်တာဒိုးနက်အမှုဆောင်ချုပ် ပါကင် ပြောကြား
ရှက်တာဒိုးနက်အသင်းအမှုဆောင်အရာရှိချုပ်ဆာဂျီပါကင်က မူဒရစ်ခ်အပေါ် ထိုးနှက်နေမှုတွေကို ဆန့်ကျင်ပြောဆိုလိုက်ပါတယ်။
ချယ်လ်ဆီးတောင်ပံကစားသမားက တားမြစ်ဆေးသုံးစွဲမှုစွပ်စွဲချက်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ရဲ့ ယာယီပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက တရားဝင်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ (WADA) ကလည်း အက်ဖ်အေ(FA)ရဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို စောင့်ဆိုင်းနေရတာကြောင့် ဒီအမှုကို စုံစမ်းစစ်ဆေးမှုတွေ အမှန်တကယ်မစတင်နိုင်သေးဘူးလို့ ကြေညာထားပါတယ်။
မူဒရစ်ခ်ကို ချဲလ်ဆီးဆီရောင်းချခဲ့သူ ပါကင်က"ကျွန်တော့်အတွက်တော့ အခုဖြစ်ပျက်နေတဲ့အခြေအနေတွေက တကယ်ကို နှမြောဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူဒရစ်ခ်လိုကစားသမားမျိုးကို ကျွန်တော် တစ်ခါမှမမြင်ဖူးခဲ့လို့ပါပဲ" လို့ Daily Express မှာ ပြောကြားခဲ့ပါတယ်။
"သူ့ကို ကျွန်တော်တို့ရဲ့ အကယ်ဒမီကစားသမားဘ၀မှာကတည်းက လုံး၀မှတ်မိနေပါတယ်။ သူက အလုပ်အလွန်ကြိုးစားသလို သန်မာပြီး တခြားကစားသမားတွေထက် လေ့ကျင့်ခန်းပိုဆင်းနိုင်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေ ပြီးသွားရင်တောင် ကွင်းထဲမှာ ဆက်လေ့ကျင့်လေ့ ရှိပါတယ်။"
"သူက ထိပ်တန်းအဆင့်မှာ ရှိနေဖို့အတွက် ဘဝရဲ့အရာအားလုံးကို ပေးဆပ်လုပ်ဆောင်ခဲ့လို့ အခုလို ဖြစ်ပျက်နေမှုတွေက တကယ်ကို ဝမ်းနည်းစရာပါပဲ။ သူနဲ့ပတ်သက်ပြီး အခုလိုဖြစ်ပျက်နေတာဟာ မတရားဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရှေ့နေတွေကိုယ်တိုင် ဖြေရှင်းနည်းတွေ ရှာတွေ့ပြီး ဘောလုံးလောကဆီ မူဒရစ်ခ် အမြန်ဆုံးပြန်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"
လန်ဒန်ဆီရောက်လာချိန်တိုင်း သူ့ဆီ သွားရောက်တွေ့ဆုံပြီး အားပေးဖြစ်ပါတယ်။ သူ့နောက်မှာ ဝန်းရံပေးမယ့်သူတွေ၊ အားပေးမယ့်သူတွေ ရှိနေတယ်ဆိုတာကို သူ သိနေဖို့က ကျွန်တော့်အတွက် သိပ်ကို အရေးကြီးပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
မူဒရစ်ရဲ့အမှု မရေမရာဖြစ်နေလို့ ကစားသမားရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရုန်းကန်နေရတယ်လို့လည်း ပါကင်က ဝန်ခံပြောကြားခဲ့ပါတယ်။
"သူ လေ့ကျင့်ခန်းတွေ ဆင်းနေပါတယ်။ ဖီဖာ (FIFA) ရဲ့ စည်းမျဉ်းတွေအရ အသင်းရဲ့လေ့ကျင့်ရေးစခန်းမှာ နေထိုင်ခွင့်မရှိလို့ သူတစ်ဦးတည်း လေ့ကျင့်နေရတာပါ။ သူ့မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် တစ်နေ့တာလုံးနီးပါးကို လေ့ကျင့်ခန်းလုပ်ရင်း အချိန်ကုန်ဆုံးနေပါတယ်။"
"လောလောဆယ်မှာတော့ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက သိပ်မကောင်းလှပေမဲ့ အရာအားလုံး အဆင်ပြေသွားမှာဖြစ်သလို ဘောလုံးလောကဆီ အမြန်ဆုံးပြန်လာနိုင်မယ်လို့ မူဒရစ်ခ် ယုံကြည်နေပါတယ်" လို့ ဆိုပါတယ်။