The network connection is lost.

Banner Image

အမေရိကန်အသင်းရဲ့အရည်အသွေးအပေါ် စိုးရိမ်နေပြီး ပူလီဆစ်ရဲ့အခြေအနေအတွက်လည်း စိတ်ပျက်မိတယ်လို့ ဝန်ခံလိုက်တဲ့ ပိုချက်တီနို

အမေရိကန်လက်ရွေးစင်အသင်းနည်းပြပိုချက်တီနိုက လာမယ့်ကမ္ဘာ့ဖလားအတွက် သူရွေးချယ်ရမယ့်ကစားသမားစုဖွဲ့မှုရဲ့ အရည်အသွေးအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပိုချက်တီနိုက ဒီနွေရာသီမှာ ရွေးချယ်မယ့် အပြီးသတ် ၂၆ ဦးစာရင်းအတွက် အနည်းဆုံးကစားသမား ၄၀ ဦးဝန်းကျင်ကို စဉ်းစားထားတယ်လို့ ဆိုပါတယ်။

အမေရိကန်အသင်းက အခုနိုင်ငံတကာသီတင်းပတ်ခြေစမ်းပွဲစဉ်တွေမှာ ပေါ်တူဂီကို ၂-၀၊ ဘယ်လ်ဂျီယံကို ၅-၂ ဂိုးဖြင့် အသီးသီးရှုံးနိမ့်ခဲ့ပါတယ်။

"ကစားသမား ၃၅ ဦး၊ ၄၀ ဦးဝန်းကျင်ထဲမှ ၂၆ ဦးကိုပဲရွေးထုတ်ရဖို့ရှိလို့ ဒီလုပ်ငန်းစဉ်က တကယ့်ကိုခက်ခဲပြီး စိတ်မကောင်းစရာ ဖြစ်လာပါလိမ့်မယ်။ ရွေးချယ်ခံရတဲ့သူတွေ ပျော်ရွှင်ကြမယ်ဆိုဖြစ်ပေမဲ့ စာရင်းထဲ မပါတဲ့သူတွေကတော့ စိတ်မကောင်းဖြစ်ကြပါလိမ့်မယ်" လို့ ပိုချက်တီနိုက ပြောပါတယ်။

ဆက်လက်ပြီး သူက "ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုအပိုင်းမှာ အခုက တစ်ခန်းရပ်သွားပြီလို့ ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်ထွက်လာမယ့် လူစာရင်းက ပြိုင်ပွဲမှာ တကယ်ပါဝင်ကစားမယ့် စာရင်းဖြစ်လာဖို့ ရှိနေလို့ပါ။ လာမယ့်ရက်သတ္တပတ်တွေမှာ ကျွန်တော်တို့ သုံးသပ်စစ်ဆေးရမယ့်အရာတွေ အများကြီးရှိနေပါတယ်။ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီအသင်းတွေမှာဆိုရင် ကမ္ဘာ့အဆင့် အကောင်းဆုံးကစားသမား ၁၀၀ စာရင်းဝင်တွေ အများအပြား ရှိနေပေမဲ့ ကျွန်တော်တို့ဆီမှာတော့ အဲဒီလိုမျိုး မရှိဘူးလို့ ထင်ပါတယ်" လို့ ဆိုပါတယ်။

အသင်းခေါင်းဆောင်အေစီမီလန်ကြယ်ပွင့်ပူလီဆစ်ရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုနဲ့ စပ်လျဉ်းလို့လည်း ပိုချက်တီနိုက "ဟုတ်ပါတယ်၊ သူ စိတ်ပျက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒါကလည်း ကျွန်တော်တို့ ဖြစ်စေချင်တဲ့၊ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ သူ အစွမ်းကုန် ကြိုးစားနေပါတယ်။ သူက အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးဖြစ်နေလို့ ဂိုးတွေ ပြန်သွင်းယူနိုင်ပါလိမ့်မယ်။ သူရဲ့ကလပ်အသင်းဆီ ပြန်သွားပြီး ဂိုးတွေစသွင်းနိုင်မယ့်အချိန်မှာ နောက်ထပ်ဂိုးတွေလည်း ဆက်တိုက်ရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။