The network connection is lost.

Banner Image

ဖရိုင်းဘတ်နဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတဲ့ ဟယ်ရီကိန်း

အင်္ဂလန်လက်ရွေးစင်အသင်းမှာ သွားရောက်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ ဟယ်ရီကိန်းက ဖရိုင်းဘတ်နဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

ဟယ်ရီကိန်းက အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေစဉ်မှာ အသေးစားဒဏ်ရာတစ်ခု ရရှိခဲ့လို့ ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဂျပန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ အခုလည်း သူက လာမယ့်စနေနေ့၊ ဖရိုင်းဘတ်နဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ Sky Sport မှ ဖော်ပြထားပါတယ်။

ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာ ကိုးမှတ်အသာဖြင့် သက်သောင့်သက်သာ ဦးဆောင်ထားနိုင်လို့ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို အနားပေးပြီး ချန်ပီယံလိဂ်ပွဲစဉ်ဆီပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လာမယ့်အင်္ဂါနေ့၊ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်အတွက် ဟယ်ရီကိန်း ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ပါဝင်နိုင်ဖို့ ဖြစ်ပါတယ်။

ဒါက အခုဘောလုံးရာသီအတွင်း ဟယ်ရီကိန်းမကစားနိုင်တဲ့ ဒုတိယမြောက်ဘွန်ဒက်စ်လီဂါပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ အင်္ဂလန်တိုက်စစ်မှူးက မတ်လအတွင်းမှာလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် မိုချန်ဂလာဘတ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ဖူးသလို အတ္တလန္တာနဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်မှာလည်း မကစားနိုင်ခဲ့ပါဘူး။

လက်ရှိမှာ ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါသွင်းဂိုး ၃၁ ဂိုးဖြင့် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ချန်ပီယံလိဂ်မှာလည်း ၁၀ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။