အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီရဲ့ အချိန်အတော်ကြာတဲ့ ဗီဒီယိုအစည်းအဝေးတွေအကြောင်း မက်တီကက်ရှ် ဖွင့်ဟပြောကြား
အက်စတွန်ဗီလာအသင်းရဲ့ နောက်ခံလူ မက်တီကက်ရှ်က သူတို့ရဲ့နည်းပြ အူနိုင်းအမ်မရီ ပြုလုပ်လေ့ရှိတဲ့ ဗီဒီယိုအစည်းအဝေးတွေဟာ တစ်ခါတလေ မိနစ် ၉၀ လောက်အထိ ကြာမြင့်တတ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ Stan Sport နဲ့ အင်တာဗျူးမှာ ကက်ရှ်က အမ်မရီဟာ အပတ်စဉ် နည်းဗျူဟာပိုင်းနဲ့ ပြင်ဆင်မှုတွေအပေါ် ဘယ်လောက်အထိ အလေးထားသလဲဆိုတာကို ဆွေးနွေးခဲ့တာပါ။
"ကျွန်တော်ကတော့ နည်းပြအဖွဲ့ဝင်တွေနဲ့ သီးသန့်လေ့ကျင့်မှုတွေ အများကြီးလုပ်ဖြစ်ပါတယ်၊ ဒါပေမဲ့ နည်းပြချုပ်နဲ့ကတော့ အချိန်အတော်ကြာတဲ့ ဗီဒီယိုအစည်းအဝေးတွေ လုပ်ရလေ့ရှိတယ်" လို့ ကက်ရှ်က ပြောပါတယ်။ "အနည်းဆုံး မိနစ် ၈၀ ဒါမှမဟုတ် မိနစ် ၉၀ လောက်ကတော့ ပုံမှန်ပါပဲ။ အသင်းနိုင်နေတဲ့အချိန်တွေမှာ ဗီဒီယိုကြည့်ရတဲ့အချိန် ပိုကြာတတ်တာကို သတိထားမိပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ ရှုံးတဲ့အချိန်တွေမှာ ဗီဒီယိုပိုကြည့်ရမယ်လို့ ထင်စရာရှိပေမဲ့ တကယ်တမ်းကျတော့ နိုင်တဲ့အချိန်တွေမှာ ပိုကြာတာပါ။ ဒီလိုလုပ်တာက သင်ခန်းစာတွေအများကြီးရလို့ ကောင်းပါတယ်၊ ကျွန်တော်တို့ အပတ်တိုင်းလည်း လုပ်ဖြစ်နေပါတယ်။"
"ပုံမှန် ဗီဒီယိုကြည့်တဲ့အချိန်ကတော့ ပွဲမတိုင်ခင်ညမှာပါ၊ အဲဒါက ကျွန်တော်တို့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကို ပြန်ကြည့်တာပါ။ ပြောရရင် ပွဲစဉ်တစ်ခုလုံးနီးပါးကို ပြန်ကြည့်ကြတာပေါ့။ အဲဒီထဲမှာ တိုက်စစ်ဆင်တာကနေ ခံစစ်ကစားတာအထိ အချက်အလက်တိုင်း ပါဝင်ပါတယ်။ နည်းပြကိုယ်တိုင်က အဲဒီအချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာကို အသေးစိတ် ပြန်လည်ရှင်းပြပါတယ်။ ဥပမာ ကျွန်တော်တို့ တိုက်စစ်ဆင်နေချိန်မှာ ဘောလုံးပေးလိုက်ပေမဲ့ အဲဒါက မှန်ကန်တဲ့ပေးပို့မှုမဟုတ်ဘူးဆိုရင် သူက ဗီဒီယိုကို ရပ်လိုက်ပြီး ဘယ်နေရာကို ပေးသင့်တယ်ဆိုတာကို မြားလေးတွေအများကြီးနဲ့ ထောက်ပြပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေပါတယ်၊ ဘာလို့လဲဆိုတော့ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးရောက်တဲ့အခါ ပြီးခဲ့တဲ့အပတ်က ငါဒီလိုပေးခဲ့ပေမဲ့ နည်းပြက ဒီလိုပြထားတယ်ဆိုပြီး ပြန်သတိရစေလို့ပါ။ ဒါကြောင့်လည်း ကျွန်တော်တို့အသင်း အခုလိုအခြေအနေကောင်းကို ရောက်နေတာပါ၊ သူက အသေးစိတ်ကအစ အရမ်းဂရုစိုက်ပြီး ဘယ်နေရာတွေမှာ တိုးတက်ဖို့လိုတယ်ဆိုတာကို ကွက်တိထောက်ပြနိုင်လို့ပါပဲ" လို့ ကက်ရှ်က ဆိုပါတယ်။