The network connection is lost.

Banner Image

ဖာနန်ဒက်ဇ်ရဲ့အပြုမူတွေကြောင့် ချဲလ်ဆီးကစားသမားတွေ စိတ်ပျက်

ချယ်လ်ဆီးအသင်းဖော်တွေကြားမှာ အန်ဇိုဖာနန်ဒက်စ်ရဲ့ အပြုအမူတွေကြောင့် စိတ်ပျက်မှုတွေ ပိုတိုးလာနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်အတွင်းမှာ အန်ဇိုက စတန်းဖို့ဒ်ဘရစ်ချ်မှာရှိတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လူသိရှင်ကြား သံသယဖြစ်စရာတွေ ပြောဆိုခဲ့တာကြောင့် အသင်းအပေါ် သစ္စာရှိမှု ရှိ၊ မရှိကို အသင်းဖော်တွေက မေးခွန်းထုတ်လာကြတယ်လို့ The Telegraph သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသင်းရဲ့ရလဒ်တွေ ဆိုးရွားနေချိန်မှာ အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်လူ အန်ဇိုက အသင်းဖော်တွေအပေါ် ပိုပြီးတော့ ဝေဖန်ပြောဆိုလာတာကိုလည်း အသင်းဖော်တွေက သဘောမကျကြပါဘူး။ PSG နဲ့ပွဲမှာ ဂိုးသမား ဖိလစ်ဂျော်ဂန်ဆင်က ဘောလုံးပေးတာမှားသွားတဲ့အခါ အန်ဇိုက သူ့ကို ဘောလုံးနဲ့ ပစ်ပေါက်ပြီး ဒေါသထွက်ပြခဲ့တာမျိုးအထိ ရှိခဲ့ပါတယ်။ ဒီလိုအပြုအမူတွေနဲ့ ဝေဖန်မှုတွေကြောင့် အသင်းဖော်တွေက အန်ဇိုအပေါ် ဒေါသထွက်နေကြသလို အထူးသဖြင့် သူက အာဂျင်တီးနားမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ အသင်းကနေ ထွက်ခွာမယ့်အကြောင်းတွေကို ပြောဆိုဖို့ ဝန်မလေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

PSG နဲ့ပွဲမှာ ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီးနောက် သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ESPN က မေးမြန်းရာမှာတော့ အန်ဇိုက "ကျွန်တော် မသိသေးပါဘူး၊ လက်ကျန်ပွဲ ၈ ပွဲနဲ့ FA ဖလားပွဲတွေ ကျန်သေးတယ်။ ကမ္ဘာ့ဖလားပွဲလည်း ရှိသေးတယ်၊ အဲဒါတွေပြီးမှပဲ ကြည့်ရမှာပေါ့" လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ဒီတစ်ပတ်အတွင်းမှာပဲ LuzuTV နဲ့ တွေ့ဆုံမှုမှာ "ဥရောပမှာ နေထိုင်ဖို့ မြို့တစ်မြို့ကို ရွေးရမယ်ဆိုရင် မက်ဒရစ်ကို တကယ်ကြိုက်တယ်လို့ ဗာလူ (သူ့ဇနီး) ကို အမြဲပြောဖြစ်တယ်။ အဲဒီမြို့က ဗျူနိုအေးရိစ်မြို့နဲ့ တော်တော်လေး ဆင်တူလို့ပါ" လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။