အာဆင်နယ်နောက်ခံလူ လူးဝစ်စကယ်လီကို ယူနိုက်တက်ထံ အေးဂျင့်များ ကမ်းလှမ်း
အာဆင်နယ်အသင်းရဲ့ နောက်ခံလူ မိုင်လစ် လူးဝစ်စကယ်လီရဲ့ အေးဂျင့်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ အေးဂျင့်တွေဟာ အသက် ၁၉ နှစ်အရွယ် ကစားသမားလေးကို ယူနိုက်တက်အသင်းဆီ ရောက်ရှိဖို့ တက်တက်ကြွကြွ ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။
ဒီအင်္ဂလန်ဘယ်နောက်ခံလူဟာ အာဆင်နယ်မှာ ကစားခွင့် နည်းပါးနေတဲ့အပေါ် စိတ်ပျက်နေတာပါ။ ပြီးခဲ့တဲ့ရာသီက ပုံမှန်ပွဲထွက်ခွင့် ရခဲ့ပေမဲ့ ဒီရာသီမှာတော့ သူ့ရဲ့တိုးတက်မှုတွေက တန့်နေခဲ့ပါတယ်။ လက်ရှိမှာ ရီကာဒို ကာလာဖီအိုရီ (၂၃ နှစ်) နဲ့ ပီယာရို ဟင်ကာပီ (၂၄ နှစ်) တို့ရဲ့နောက်မှာ အရန်ကစားသမားအဖြစ်သာ ရှိနေလို့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
မန်ယူအသင်းကတော့ လာမယ့်ရာသီမှာ လူ့ခ်ရှော (၃၁ နှစ်) နဲ့ အပြိုင်နေရာလုနိုင်မယ့် ဘယ်နောက်ခံလူအသစ်တစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး အခုအခါမှာတော့ လူးဝစ်စကယ်လီရဲ့ အကြောင်းကို ကာရင်တန်လေ့ကျင့်ရေးကွင်းအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။