အယ်လ်မာလကိုခေါ်ယူနိုင်ရေးအတွက် ပရီးမီးယားလိဂ်ကလပ်လေးခုအကြား အားပြိုင်မှုမှာ ဘရိုက်တန်အသင်း အခြေအနေမကောင်း
ကိုလုံးတောင်ပံကစားသမားအယ်လ်မာလကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေ အတော်လေးစိတ်ဝင်စားနေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘရိုက်တန်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်နဲ့ ချယ်လ်ဆီးအသင်းတို့က အယ်လ်မာလရဲ့အပြောင်းအရွှေ့အတွက် ကိုလုံးအသင်းဆီ ဆက်သွယ်စုံစမ်းခဲ့တယ်လို့ Kicker သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
ဘရိုက်တန်အသင်းက အယ်လ်မာလအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ဖူးပေမဲ့ ကိုလုံးအသင်းဘက်က ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဘရိုက်တန်အတွက် အားသာချက်တစ်ခုကတော့ အယ်လ်မာလရဲ့အစ်ကို၊ အသက် ၂၀ အရွယ် မာလက်ကိုပါ အရန်အသင်းအတွက် ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။
အယ်လ်မာလာကိုယ်တိုင်လည်း ဘရိုက်တန်နည်းပြဟာဇယ်လာနဲ့ လက်တွဲလုပ်ကိုင်လိုတယ်လို့ သတင်းများက ဆိုပါတယ်။ ဒါပေမဲ့ နည်းပြဟာဇယ်လာက ဂျာမန်ကလပ်လေဗာကူဆင်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေသလို ဘရိုက်တန်မှာ ဆက်ရှိနေဖို့လည်း မသေချာသေးပါဘူး။
ဒါ့အပြင် အသက် ၁၉ နှစ်အရွယ်အယ်လ်မာလအတွက် ကိုလုံးအသင်းက အသစ်သတ်မှတ်လိုက်တဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အထိတောင်းဆိုထားလို့ ဘရိုက်တန်အသင်းဘက်က စိတ်ဝင်စားပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိနေပါတယ်။