ရာသီကုန်အထိ အနားယူရဖို့မရှိဘဲ ဒဏ်ရာအသစ် မရရှိထားဘူးလို့ အလီဆင် ဖွင့်ဟ
လီဗာပူးဂိုးသမား အလီဆင်က ဒီလကုန်ပိုင်းမှာ ဘောလုံးပြန်ကစားနိုင်ဖို့ရှိနေပြီး ရာသီကုန်အထိ အနားယူရဖို့မရှိဘဲ ဒဏ်ရာအသစ် ထပ်မရခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။
လီဗာပူးနည်းပြ အာနယ်ဆလော့ကတော့ အလီဆင်ကို နောက်ထပ်ဒဏ်ရာပြဿနာတစ်ခုကြောင့် "ရာသီကုန်ခါနီးလောက်" အထိ အနားယူရဖို့ ရှိတယ်လို့ ပြောကြားထားပါတယ်။
"ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာလည်း အလီဆင်ပါဝင်နိုင်ဖို့ မရှိသလို နောက်ထပ်အနည်းငယ်ကြာအောင် အနားယူရပါဦးမယ်။ ရာသီကုန်ခါနီးလောက်မှ သူ ပြန်လည်ကြံ့ခိုင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" လို့ အန်းစလော့က ဆိုပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားအလီဆင်က ပြီးခဲ့တဲ့လအတွင်း ဒဏ်ရာရရှိခဲ့ပေမဲ့ ကလပ်အသင်းဘက်မှာတော့ သူ့ရဲ့ဒဏ်ရာအခြေအနေကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သီးသန့်ကုသမှုကိုသာ ခံယူစေခဲ့ပါတယ်။
မန်စီးတီးနဲ့ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် အန်းစလော့ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး အလီဆင်က ဒါဟာ ဒဏ်ရာအသစ်မဟုတ်ဘဲ သူ ဘယ်အချိန်မှာ ပြန်လာနိုင်မလဲဆိုတာကို အခုလို ရှင်းလင်းပြောကြားလာပါတယ်။
"ကျွန်တော် ဒဏ်ရာအသစ် ထပ်မရထားပါဘူး။ အခုလက်ရှိကုသမှုခံယူနေတဲ့ အဆင့်မှာပဲရှိနေပြီး ဧပြီလကုန်မှာ ပွဲထွက်ကစားနိုင်တဲ့ကြံ့ခိုင်မှုမျိုး အပြည့်အဝရလာဖို့ စီစဉ်ထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အလီဆင်ပြန်မလာနိုင်သေးခင် ဒီလကုန်အထိတော့ ဒုတိယဂိုးသမား မာမာဒါရှီဗီလီကပဲ အစားထိုးဝင်ရောက်ကစားရပါဦးမယ်။ ဂျော်ဂျီယာဂိုးသမားက နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လက်စွမ်းပြနိုင်ခဲ့လို့ ပရိသတ်တွေကိုယ်တိုင်လည်း နွေရာသီမှာ ခေါ်ယူထားတဲ့ ဂိုးသမားသစ်ကို ဆက်လက်မြင်တွေ့ရဖို့ ရှိနေပါတယ်။
မာမာဒါရှီဗီလီက အသင်းအတွက် ၁၂ ပွဲ ပွဲထွက်ကစားပေးထားရာမှာ Clean Sheet နှစ်ကြိမ်သာ ရရှိထားပါသေးတယ်။ အကယ်၍ လီဗာပူးအသင်းမှာ နောက်ထပ်ဒဏ်ရာပြဿနာတွေ ထပ်ရှိလာရင်တော့ ပရီးမီးယားလိဂ်အတွေ့အကြုံလေးပွဲသာရှိတဲ့ အသက် ၂၉ နှစ်အရွယ်ဂိုးသမားဖရက်ဒီဝုဒ်မန်းက မာမာဒါရှီဗီလီရဲ့အရံအဖြစ် အဆင်သင့်ရှိနေပါလိမ့်မယ်။