လီဗာပူးတာဝန်ရှိသူတွေနဲ့ နည်းပြအန်းစလော့တို့ လာမယ့်ဘောလုံးရာသီသစ်အတွက် တူညီဆုံးဖြတ်ချက် ချမှတ်ထား
အန်းစလော့ကတော့ သူနဲ့ လီဗာပူးအသင်းဘုတ်အဖွဲ့ဝင်တွေအကြား အမြင်ချင်း တူညီနေကြတယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးနည်းပြက ဒီရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့တဲ့ စိတ်ပျက်စရာအခြေအနေမှ သူ့ရဲ့ကစားသမားတွေကို ပြန်လည်နိုးထလာအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
လီဗာပူးဒါရိုက်တာတွေကလည်း အန်းစလော့နဲ့ သဘောထားချင်း တိုက်ဆိုင်နေကြပြီး၊ လာမယ့်နွေရာသီမှာ အန်းစလော့ရဲ့နေရာမှာ တခြားသူနဲ့ အစားထိုးဖို့ ဘယ်လိုဆွေးနွေးမှုမျိုးမှ မလုပ်ဆောင်ထားဘူးလို့ The Times သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ အလွန်ဆိုကို လီဗာပူးဘက်က ကြားခံလူတွေမှတဆင့် ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လောလောဆယ် အသင်းအတွင်းပိုင်းမှာ အန်းစလော့ကို အစားထိုးဖို့ ဘယ်သူကမှ စိတ်မဝင်စားကြပါဘူး။
တကယ်တော့ လီဗာပူးရဲ့စီမံခန့်ခွဲသူတွေက အခြေအနေအရပ်ရပ်ဟာ အန်းစလော့အတွက် အခွင့်မသာခဲ့ဘူးလို့ ယူဆထားကြပြီး နည်းပြအပေါ်မှာ အပြည့်အဝ ဆက်လက်ထောက်ခံနေကြပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ အန်းစလော့ရဲ့လူစာရင်းအတွက် လီဗာပူးက ပေါင်သန်း ၄၀၀ ကျော် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ နိုင်ငံခြားသားကစားသမားသစ်တွေ အသင်းမှာ အသားကျဖို့ အချိန်ယူခဲ့ရလို့ နည်းပြနဲ့ကလပ်အသင်းအတွက် အခက်အခဲဖြစ်ခဲ့ရတယ်လို့ အားလုံးက လက်ခံထားကြပါတယ်။
ဒါကြောင့်လည်း ဘုတ်အဖွဲ့က လာမယ့်ရာသီမှာ အခြေအနေတွေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အန်းစလော့ကို အခွင့်အရေး အပြည့်အဝပေးသွားဖို့ ပြင်ဆင်နေပါတယ်။