The network connection is lost.

Banner Image

အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပွဲပယ်ပြစ်ဒဏ်အတွက် တရားမျှတမှု လုံး၀မရှိဘူးလို့ ဝေဖန်လိုက်တဲ့ ကစားသမားရဲ့အေးဂျင့်

ချယ်လ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူဟာဗီယာပါစတိုရေးက သူ့ရဲ့ကစားသမားကို နောက်ထပ်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကလပ်အသင်းရဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်အန်ဇိုဖာနန်ဒက်ဇ်က နိုင်ငံတကာသီတင်းပတ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကို သဘောကျမိပုံနဲ့ စပိန်နိုင်ငံရဲ့ မြို့တော်မှာ အခြေချလိုတဲ့ သူ့ရဲ့ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဧပြီ ၄ ရက်၊စနေနေ့၊ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ရိုဆင်နီယာက အန်ဇိုဖာနန်ဒက်ဇ်ကို "စည်းကျော်သွားပြီ" လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ချဲလ်ဆီးအသင်းက ပေါ့ဗေးလ်(Port Vale) နဲ့ မန်စီးတီးတို့နဲ့ ကစားရမယ့် နောက်ထပ်နှစ်ပွဲအတွက် အန်ဇိုဖာနန်ဒက်ဇ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

အခုအခါမှာတော့ အေးဂျင့်ဖြစ်သူ ပါစတိုရေးက The Athletic သတင်းဌာနဲ့ အင်တာဗျူးမှာ "ဒီပြစ်ဒဏ်က လုံးဝမတရားပါဘူး။ ကစားသမားကို နှစ်ပွဲပယ်လိုက်မှုက ချဲလ်ဆီးအတွက် အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်နေသလို အန်ဇိုကလည်း အသင်းရဲ့အရေးအပါဆုံး ကစားသမားတွေအနက် တစ်ဦးဖြစ်နေလို့ပါ" လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

"အန်ဇိုက ဒီအခြေအနေကို နားမလည်နိုင်ဖြစ်နေပါတယ်။ နည်းပြက သူ့ကိုပြောပြတဲ့အခါမှာတော့ သူဟာ ဘယ်နေရာမှာမဆို အမြဲတမ်း အစွမ်းကုန်ကြိုးစားပြီး ဆုံးဖြတ်ချက်တွေကို လေးစားတတ်တဲ့ ပရော်ဖက်ရှင်နယ်ပီသသူတစ်ယောက်ဖြစ်လို့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီပြစ်ဒဏ်ကို နားမလည်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ဘယ်ကလပ်အသင်းကိုမှ နာမည်တပ်မပြောခဲ့သလို ချဲလ်ဆီးမှထွက်ချင်တယ်လို့လည်း လုံးဝမပြောခဲ့လို့ပါ" လို့ ပါစတိုရေးက ရှင်းပြပါတယ်။

ဒါ့အပြင် မက်ဒရစ်ကို သဘောကျတယ်ဆိုတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပြောဆိုချက်က အဲဒီက ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေဟာ သူ့ရဲ့ဇာတိဗျူနိုအေးရိစ်နဲ့ ဆင်တူလို့ဖြစ်ပြီး "ချဲလ်ဆီး ဒါမှမဟုတ် လန်ဒန်မှ ထွက်ခွာချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး" လို့လည်း သူက အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။