ယူဂါတီအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ယူနိုက်တက်
မန်ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ယူဂါတီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အထိ တောင်းဆိုသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပြီး အသက် ၂၄ နှစ်အရွယ် ယူဂါတီကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးတော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေတာပါ။
Quotidiano Sportivo ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ယူဂါတီကို ဆန်ဒရို တိုနာလီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဈေးသက်သာတဲ့ ရွေးချယ်မှုတစ်ခုအဖြစ် မြင်နေတာဖြစ်ပါတယ်။ တိုနာလီရဲ့ ပြောင်းရွှေ့ကြေးက ယူဂါတီထက် နှစ်ဆကျော် ပိုများနိုင်ခြေရှိနေလို့ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အနေနဲ့ ယူနိုက်တက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ ရုန်းကန်ရနိုင်သေးတာကြောင့် ကစားသမားတချို့ကို အရင်ဆုံး ပြန်လည်ရောင်းထုတ်ရဖို့ ရှိနေပါတယ်။