အာဆင်နယ်ကို မရောက်ဘဲ လွဲချော်လုနီးပါး ဖြစ်ခဲ့တဲ့အကြောင်း ရာယာ ဖွင့်ဟ
အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက သူ့ရဲ့ကစားသမားဘဝ အစောပိုင်းတုန်းက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ လက်တစ်ကမ်းအလိုအထိ ဖြစ်ခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက်ပိုင်း ရာယာဟာ စပိန်လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာ ရရှိခဲ့သလို အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ်ပါ သတ်မှတ်ခံနေရပြီ ဖြစ်ပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာတော့ ရာယာက သူအာဆင်နယ်ကို မရောက်ခင်တုန်းက တခြားအသင်းကြီးတစ်သင်းကို ပြောင်းဖို့ အခြေအနေ တော်တော်လေး နီးစပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ "အာဆင်နယ်ကို မရောက်ခင် တခြားကလပ်အသင်းတစ်ခုကို ပြောင်းဖို့ တော်တော်လေး နီးစပ်ခဲ့ပါသေးတယ်... ကံကောင်းထောက်မစွာနဲ့ အဲဒီအပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ အာဆင်နယ်က ကမ်းလှမ်းလာခဲ့တာပါ" လို့ အဆိုပါ စပိန်ဂိုးသမားက ပြောပါတယ်။ နောက်ဆုံးမှာတော့ ရာယာက သူပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့အသင်းဟာ ဘိုင်ယန်မြူးနစ်ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး "ဘယ်အသင်းလဲဆိုတော့... ဘိုင်ယန်မြူးနစ်အသင်းပါ" လို့ ပြုံးပြုံးလေးနဲ့ ထပ်လောင်းပြောကြားခဲ့ပါတယ်။