ဝက်စ်ဟမ်းလူငယ်ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်ကို ဘရူနိုဖာနန်ဒက်စ် တိုက်တွန်း
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ မားတီးယပ်စ်ဖာနန်ဒက်စ်ရဲ့ ကစားဟန်ကို အတော်လေး သဘောကျနေသူ ဖြစ်ပါတယ်။
တကယ်တော့ ဖာနန်ဒက်စ်က သူ့ရဲ့နာမည်တူ မျိုးဆက်သစ်ကစားသမားလေးဟာ နောင်တစ်ချိန်မှာ ယူနိုက်တက်ကွင်းလယ်မှာ သူ့နေရာကို ဆက်ခံနိုင်သူလို့ မြင်နေတာပါ။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ မားတီးယပ်စ်ဟာ ယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ်စာရင်းထဲမှာ မပါဝင်သေးပေမဲ့ ဒီပေါ်တူဂီလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်ဘက်က စဉ်းစားနေတယ်လို့ သိရပါတယ်။
ဒီလို စဉ်းစားလာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်က သူ့ရဲ့နိုင်ငံသားချင်းဖြစ်သူကို အသင်းဒါရိုက်တာတွေဆီ အကြံပြု တိုက်တွန်းထားလို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မားတီးယပ်စ်ကို ဝက်စ်ဟမ်းဆီ မရောင်းချခင်ကတည်းက အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ အားကစားဒါရိုက်တာ ဟူဂိုဗီယားနား ရှိနေတဲ့ မန်ချက်စတာစီးတီးအသင်းကလည်း ဒီအပြောင်းအရွှေ့အတွက် အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် အဲလီယော့အန်ဒါဆန်ရဲ့ အခြေအနေလိုမျိုးပဲ စီးတီးနဲ့ ယူနိုက်တက်တို့ဟာ မားတီးယပ်စ်ကို ခေါ်ယူဖို့အတွက် လာမယ့်နွေရာသီမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။