ဝက်စ်ဟမ်းကိုအနိုင်ရပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်အထိတက်လှမ်းခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ပဲရီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းရဲ့ကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်း အနိုင်ရရှိအောင် ပါဝင်ကူညီနိုင်ခဲ့တဲ့အတွက် ဂိုးသမား လူကပ်စ်ပဲရီက အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။
အဆိုပါပွဲစဉ်မှာ အချိန်ပိုအထိ ၂ ဂိုးစီ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ပဲရီက ဂျာရော့ဘိုဝင်နဲ့ ပါဘလိုတို့ရဲ့ ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့တာကြောင့် လိဒ်ယူနိုက်တက်က ၄-၂ နဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲအပြီးမှာတော့ အာဂျင်တီးနားသား ဂိုးသမားက ပြုံးရွှင်စွာနဲ့ အခုလို ပြောကြားခဲ့ပါတယ်။ "ဒါဟာ ဖလားပြိုင်ပွဲတွေရဲ့ မှော်ဆန်မှုပါပဲ၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ပွဲကတော့ တကယ်ကို ရူးသွပ်စရာကောင်းပြီး အမှတ်တရဖြစ်စေမယ့် ပွဲတစ်ပွဲပါ။ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့လည်း အရမ်းဝမ်းသာပါတယ်"
"ကျွန်တော်တို့က အမြင့်ဆုံးအဆင့် ဘောလုံးလောကမှာ ကစားနေတာဖြစ်လို့ ဒီလိုအဆင့်မျိုးမှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့က ၂ ဂိုးအရင်သွင်းနိုင်ခဲ့ပေမဲ့ မိနစ် ၉၀ ပြည့်ခါနီးမှာ သူတို့က ၂ ဂိုးပြန်သွင်းပြီး အချိန်ပိုအထိ ဆွဲခေါ်သွားခဲ့တယ်။ ဒါကြောင့် စိတ်ကိုငြိမ်ငြိမ်ထားပြီး ပွဲအပေါ်မှာပဲ အာရုံစိုက်ထားဖို့ လိုအပ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ပင်နယ်တီကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး ပဲရီက "ပထမတစ်လုံးကတော့ ကျွန်တော်တို့ အသေအချာ လေ့လာထားတဲ့အတိုင်းပါပဲ။ ကျန်တဲ့အလုံးတွေမှာတော့ လမ်းညွှန်ချက်တွေ ရှိပေမဲ့ ကျွန်တော့်ရဲ့ အာရုံခံစားမှုအတိုင်းပဲ ကာကွယ်ခဲ့တာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "ပင်နယ်တီ နှစ်လုံးကာကွယ်ပေးပြီး အသင်းကို နောက်တစ်ဆင့်တက်အောင် ကူညီပေးနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ မှော်ဆန်မှုပါပဲ။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အားပေးမှုကလည်း တကယ်ကို အံ့ဩစရာကောင်းပါတယ်" လို့လည်း ဆိုပါတယ်။
"ဒီနေ့တော့ အောင်ပွဲခံသွားမှာပါ။ ကြားထဲမှာ ပရီမီယာလိဂ်ပွဲစဉ်အချို့ ကစားဖို့ရှိပါသေးတယ်။ ဒါကြောင့် အခုတော့ ဆီမီးဖိုင်နယ်တက်တာကိုပဲ အာရုံစိုက် အောင်ပွဲခံပြီး အချိန်တန်တဲ့အခါကျရင် ချဲလ်ဆီးနဲ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာပါ" လို့ ပဲရီက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။