The network connection is lost.

Banner Image

လီဗာပူးအသင်းရဲ့စည်းလုံးမှုကို မေးခွန်းထုတ်လိုက်တဲ့ ဗန်ဒိုက်

မန်စီးတီးနဲ့ကစားခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်ဂိုးပြတ်ရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က သူ့ရဲ့အသင်းဖော်တွေကို ဝေဖန်ပြောကြားလိုက်ပါတယ်။

ပွဲစဉ်အပြီးအင်တာဗျူးမှာ ဗန်ဒိုက်က လက်ရှိအသင်းရဲ့ကစားသမားတွေအကြား စည်းလုံးမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ အရိပ်အမြွက်ပြောခဲ့သလို နွေရာသီမှာမှ အသင်းဆီရောက်ရှိလာတဲ့ ကစားသမားသစ်တွေကိုယ်တိုင်လည်း အသင်းရဲ့ယဉ်ကျေးမှုနဲ့ အသားကျဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

"ဒီရာသီမှာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ အများကြီးထားခဲ့ဖူးတယ်။  ဒါပေမဲ့ အဲဒီမျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အထိ ခြေစွမ်းမပြနိုင်ခဲ့ချိန်တွေ အများကြီးပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်လိုစိတ်ပြင်းထန်မှုက လိုအပ်တဲ့အဆင့်မျိုးဆီ မရောက်ရှိခဲ့ပါဘူး။ အားပြိုင်မှုတွေမှာလည်း ရှုံးနိမ့်ခဲ့တယ်၊ တကယ်ကို ခက်ခဲတဲ့ အခြေအနေပါ။ လေးဂိုးပြတ်ရှုံးနိမ့်ရတယ်ဆိုတာ တကယ်ကို ရင်နာဖို့ကောင်းပါတယ်" လို့ သူက ပြောပါတယ်။

"ဒီစကားတွေကို ထပ်ခါတလဲလဲပြောနေရတာကို ကျွန်တော် စိတ်ကုန်နေပြီလားဆိုရင် ၁၀၀ ရာခိုင်နှုန်း စိတ်ကုန်နေပါပြီ။ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကိုလည်း ကျွန်တော် နားလည်ပါတယ်။ တကယ်တော့ ဒုတိယပိုင်းအတွက် ဝတ်လဲခန်းထဲက ထွက်လာချိန်မှာ ဂိုးသွင်းပြီး ၂-၁ ဂိုးလောက်နဲ့ ပွဲအခြေအနေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်ကောင်းကောင်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြောင်းပြန်ဖြစ်သွားပြီး ၃ ဂိုးပြတ်သွားတဲ့အချိန်မှာ ပြန်လာဖို့ တကယ်ကို ခက်ခဲသွားပါပြီ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့သင့်ပါဘူး၊ အဲဒီအချိန်မှာ လက်လျှော့လိုက်တာမျိုး ဖြစ်သွားခဲ့တယ် ထင်တယ်။ အခုချိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တကယ်ကိုခက်ခဲနေတယ်လို့ပဲ ပြောရပါလိမ့်မယ်" လို့လည်း ဗန်ဒိုက်က ဆိုပါတယ်။

"ကျွန်တော် လီဗာပူးမှာကစားခဲ့တဲ့ကာလတလျှောက် အမြဲတမ်းလိုလို အဓိကကျခဲ့တဲ့အရာက စည်းလုံးညီညွတ်မှုပါပဲ။ အခုအချိန်မှာ ကျွန်တော်တို့အသင်းက အကူးအပြောင်းကာလဆီ ရောက်နေတယ်ဆိုတော့ အဲဒီစည်းလုံးမှုကို ပြန်ရှာရပါဦးမယ်။ အဲဒါကို အမြဲတမ်းတည်ရှိအောင် မလုပ်နိုင်သေးသရွေ့ သုံးရက်တစ်ပွဲနှုန်းကစားနေရချိန်တိုင်းမှာ အကောင်းဆုံးခြေစွမ်းထုတ်ပြနိုင်ဖို့ ခက်ခဲနေပါလိမ့်မယ်။ သုံးလေးရက်မှာ တစ်ကြိမ်၊ မိနစ် ၉၀ ပြည့်တစ်ပွဲ ကွင်းထဲမှာ စည်းစည်းလုံးလုံးနဲ့ ကစားပြနိုင်ဖို့ဆိုတာ ခက်ခဲနေပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။