လိဒ်ကို ဝင်ဘလေကွင်းနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူနေတဲ့ စထရူဂျစ်
ယမန်နေ့(တနင်္ဂနွေနေ့)၊ ဝက်စ်ဟမ်းအသင်းရဲ့ကွင်းမှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့မှုကို လိဒ်ယူနိုက်တက်နဲ့ ထိုက်တန်လွန်းတဲ့ရလဒ်လို့ နောက်ခံလူပါစကယ်စထရူဂျစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။
အချိန်ပိုအထိ တစ်ဖက်နှစ်ဂိုးစီသရေကျနေချိန် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ စထရူဂျစ်က အဆုံးအဖြတ်ပယ်နယ်တီကို အောင်အောင်မြင်မြင်ကန်သွင်းယူနိုင်ခဲ့လို့ ၄-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
"ဒီနေ့ပွဲစဉ်မှာသာ အနိုင်ရမယ်ဆိုရင် ဒါက ကျွန်တော်တို့အတွက် တကယ့်ကို ကြီးမားတဲ့အောင်ပွဲတစ်ခု ဖြစ်လိမ့်မယ်လို့ ပွဲမတိုင်ခင်ကတည်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်" လို့ စထရူဂျစ်က စတင်ပြောကြားခဲ့ပါတယ်။
"အစွမ်းကုန်ကြိုးစားခဲ့ပြီးနောက် ပင်နယ်တီအထိ ရောက်သွားခဲ့ပါတယ်။ ပြိုင်ဘက်အသင်းကလည်း ချေပဂိုးတွေနဲ့ပြန်လာနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ရော ပရိသတ်တွေအတွက်ပါ အခုလိုအနိုင်ရခဲ့လို့ အရမ်းဝမ်းသာမိပါတယ်။ အခု ဝင်ဘလေကွင်းဆီ သွားရတော့မယ်ဆိုတော့ ဒါ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ သူက ဆိုပါတယ်။
ပင်နယ်တီအဆုံးအဖြတ်နဲ့ပတ်သက်ပြီး စထရူဂျစ်က "ကျွန်တော်တို့တွေ ကောင်းကောင်း လေ့ကျင့်ထားပါတယ်၊ အစကတည်းက ဘာလုပ်ရမလဲဆိုတာကို သိနေခဲ့တာပါ။ အထူးသဖြင့် ဖိအားတွေကြားမှာ ခက်ခက်ခဲခဲကစားခဲ့ရချိန်တွေမှာတောင် အသင်းဖော်တွေကိုယ်တိုင် တည်တည်ငြိမ်ငြိမ် ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ပင်နယ်တီကန်ကြတာတွေကို ကြည့်ရတာလည်း ကောင်းပါတယ်။ ပယ်ရီကိုလည်း အထူးအသိအမှတ်ပြု ပြောကြားချင်ပါတယ်၊ သူလည်း ဒီနေ့မှာ တကယ်ကို အစွမ်းပြနိုင်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့်အရေးကိစ္စအပေါ် "လိဂ်ပွဲစဉ်တွေမှာ ကြည့်မယ်ဆိုရင် ချဲလ်ဆီးနဲ့ကစားခဲ့ချိန်မှာ ရလဒ်ကောင်းနှစ်ခု ရထားတယ်ဆိုတာကို တွေ့ရှိရပါလိမ့်မယ်။ ဒါကြောင့် အများကြီးတော့ မပြောချင်ပေမဲ့ တတိယအကြိမ်မြောက်မှာလည်း ကျွန်တော်တို့ ထပ်ပြီးလုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ဝင်ဘလေအတွေ့အကြုံထက် ပိုကောင်းတဲ့အတွေ့အကြုံမျိုး ရချင်ပါတယ်၊ အဲဒီကို သွားတဲ့အခါ အမှတ်တရကောင်းတွေ ရနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်" လို့ စထရူဂျစ်က ပြောကြားခဲ့ပါတယ်။