The network connection is lost.

Banner Image

အဲဗာတန်နဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ နီးစပ်လာချိန် စိတ်လှုပ်ရှားဖွယ်သတင်းစကားဆိုလိုက်တဲ့ မာလင်ရိုးလ်

မာလင်ရိုးလ်က အဲဗာတန်အသင်းအပေါ် သူဘယ်လောက်အထိ သစ္စာရှိတယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ စာသားတွေနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

ဖရိုင်းဘတ်မှ အငှားဖြင့်လာရောက်ကစားနေတဲ့ ဂျာမနီ ယူ-၂၁ ကွင်းလယ်လူက ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းဆက်ရှိဖို့ သေချာသွားပြီဆိုတာနဲ့ အပြီးသတ်စာချုပ်ကို ချုပ်ဆိုသွားပါလိမ့်မယ်။

ဒီလိုအခြေအနေမျိုးက အခုသီတင်းပတ်ပိတ်ရက်မှာတင် ဖြစ်လာနိုင်ပြီး မာလင်ရိုးလ်ကိုယ်တိုင်လည်း တနင်္ဂနွေနေ့မှာ သူ့ရဲ့လူမှုကွန်ရက်မှတဆင့် အခုလို ရေးသားဖော်ပြခဲ့ပါတယ်။

"တိုက်ဆိုင်မှုတွေနဲ့ ကံတရားတွေက ကျွန်တော်တို့ရဲ့ဘဝကို ပုံစံအမျိုးမျိုးနဲ့ သတ်မှတ်ပေးလေ့ ရှိပါတယ်။ ဒီလိုလှပတဲ့ အားကစားကွင်းကြီးထဲမှာ၊ ဒီလိုကြီးကျယ်တဲ့ကလပ်အသင်းအတွက်၊ စိတ်အားထက်သန်တဲ့ ပရိသတ်တွေရှေ့မှောက်၊ ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ကစားခွင့်ရခဲ့တဲ့ တိုက်ဆိုင်မှုနဲ့ ကံတရားတွေအတွက် ကျွန်တော် တကယ်ကို ကျေးဇူးတင်မိပါတယ်"

"ကျွန်တော်မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိခဲ့ပေမဲ့ အခုတော့ ပရီးမီးယားလိဂ်မှာကစားရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နေပါပြီ။ ဒါဟာ ဘယ်လောက်အထိ အခွင့်ထူးခံဖြစ်သလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျန်းမာရေးအခြေအနေ၊ ခက်ခဲတဲ့ မိသားစုအခြေအနေ ဒါမှမဟုတ် အချိန်အခါမသင့်တဲ့ကံဆိုးမှုတွေကြောင့် လူအများကြီးမှာ ဒီလိုအခွင့်အရေးမျိုး မရခဲ့ကြသလို အခုထိလည်း မရနိုင်သေးပါဘူး။ တိုက်ဆိုင်မှုဆိုတာကလည်း ခင်ဗျားဆီမှ အရာအားလုံးကို အများကြီးပြန်လည်ရယူသွားနိုင်ပါတယ်"

"ကျွန်တော် ဒီအခွင့်အရေးကို တန်ဖိုးထားသလို တကယ်ကိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ကံကြမ္မာဆိုးတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတိုင်းကိုလည်း လေးစားမိပါတယ်။ လူတွေရဲ့ဘဝအစပြုပုံချင်း မတူညီကြတဲ့အချက်က ကျွန်တော့်ကို အများကြီးစဉ်းစားမိစေပါတယ်။"

"လောဘတွေ၊ မနာလိုမှုတွေ၊ စစ်ပွဲတွေနဲ့ ဆင်းရဲချမ်းသာကွာဟမှုတွေ ကြီးထွားလာတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေ ကိုယ့်ရဲ့အသိုက်အဝန်းအပေါ် ပိုပြီးအာရုံစိုက်လာနိုင်ကြဖို့ မျှော်လင့်ပါတယ်။ လူတွေအတွက် တက်နိုင်သလောက် သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုမျိုးအဖြေရှာပေးနိုင်မလဲဆိုတာကို အတူတူကြိုးစားရှာဖွေကြည့်ချင်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။