နယူးကာဆယ်ကြယ်ပွင့်ဂေါ်ဒွန်ကို ခေါ်ယူဖို့ လီဗာပူးနဲ့အပြိုင် ကြိုးပမ်းလာတဲ့ အာဆင်နယ်
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ နယူးကာဆယ်တောင်ပံကစားသမားဂေါ်ဒွန်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်ကလည်း လီဗာပူးနဲ့အပြိုင် အားထုတ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
နယူးကာဆယ်အသင်းက လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားလို့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း (PSR) အရ အကျပ်ရိုက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့အဓိကကစားသမားအချို့ကို မဖြစ်မနေရောင်းချရဖွယ် ရှိနေပါတယ်။
Football Transfers ရဲ့ ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ်ဂေါ်ဒွန်လည်း အသင်းမှထွက်ခွာရနိုင်သူစာရင်းမှာ ပါဝင်လာနိုင်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူဂန်းနားတွေက ဒီကစားသမားကို အလွန်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အဲဗာတန်ကစားသမားဟောင်းဂေါ်ဒွန်က အတိတ်မှာလည်း မာဆေးဆိုဒ်ပြိုင်ဘက်လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး လီဗာပူးဘက်ကလည်း အခုနွေရာသီမှာ မိုဟာမက်ဆာလက်ရဲ့နေရာကို အစားထိုးနိုင်မယ့်သူတစ်ဦး ရှာဖွေနေပါတယ်။
ဒါ့အပြင် အာဆင်နယ်နည်းပြအာတီတာက အင်္ဂလန်လူငယ်ကြယ်ပွင့်အများအပြားကို ခေါ်ယူဖို့ ရည်ရွယ်ထားပြီး ဂေါ်ဒွန်တင်မကဘဲ လီဗရာမန်တိုကိုလည်း ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။