မောင့်နဲ့ ဒေါ်ဂူ အပါအဝင် ကစားသမားအများအပြားကို နွေရာသီမှာ ရောင်းထုတ်သင့်တယ်လို့ စခိုးလ် ပြောကြား
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ပေါလ်စခိုးလ်က လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းအနေနဲ့ ဘာတွေလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုစကားတွေ ပြောကြားလာပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ က လီဗာပူးနဲ့ ၆ မှတ်အကွာမှာ ရှိနေတဲ့အတွက် ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေပါပြီ။
အသင်းကို အကောင်းဆုံး ကိုင်တွယ်နေတဲ့ ယာယီနည်းပြ မိုက်ကယ်ကားရစ်ဟာလည်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ ရှိနေပြီး ရာသီသစ်မတိုင်ခင် အသင်းကို အားဖြည့်ဖို့ အမှန်တကယ် လိုအပ်နေတာလည်း ဖြစ်ပါတယ်။
စကိုးလ်က "The Good, The Bad & The Football" ဆိုတဲ့ ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ ပါဝင်စဉ်အတွင်း အသင်းကနေ ဘယ်သူတွေကို ရှင်းထုတ်ပစ်သင့်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။
ပက်ထရစ် ဒေါ်ဂူနဲ့ ပတ်သက်ပြီး စကိုးလ်က "သူ့ကို နောက်ခံကစားသမား အဖြစ် ခေါ်ခဲ့တာပေမဲ့ အဲဒီနေရာမှာ သိပ်မကစားရဘူး။ သူ့ရဲ့ အကောင်းဆုံးနေရာက ဘယ်နေရာလဲဆိုတာတောင် ကျွန်တော် မသေချာဘူး။ ဒါကြောင့် သူ့ကို ရောင်းလိုက်တာ ပိုကောင်းမယ်။ အသင်းမှာ ဆက်ထားရင်လည်း အရန်ကစားသမားအဆင့်ပဲ ရှိနေမှာပါ" လို့ ပြောပါတယ်။ နူဆာ မာဇာရောင်ယီနဲ့ ပတ်သက်လို့လည်း "သူ့ကိုလည်း ရောင်းသင့်ပါတယ်။ အသင်းရဲ့ ဘယ်နေရာမှာ အံဝင်မလဲဆိုတာ မသိဘူး။ သူက ညာဖက် ဗဟိုနောက်ခံလူလိုမျိုး ကစားနေရတာ၊ အခု အသင်းက နောက်ခံလူ ၃ ယောက်တန်းစနစ်နဲ့ မကစားတော့ဘူးလေ။ တကယ်လို့ ၃ ယောက်တန်း ကစားမယ်ဆိုရင်တောင် သူက ၅ ယောက်မြောက် ဒါမှမဟုတ် ၆ ယောက်မြောက် ရွေးချယ်မှုလောက်ပဲ ဖြစ်နေမှာ။ အခုကတော့ သူ့ကို လွှတ်ပေးရမယ့်အချိန် ရောက်ပြီလို့ ထင်ပါတယ်" လို့ ဆိုပါတယ်။ လန်နီ ယိုရို နဲ့ ပတ်သက်ပြီးတော့လည်း "သူ့အတွက် ပိုက်ဆံအများကြီး ပေးခဲ့ရပေမဲ့ သူ တော်တော်လေး ရုန်းကန်နေရတယ်လို့ မြင်ပါတယ်။ သူ့ဆီမှာ အရည်အချင်းရှိတာတော့ ဟုတ်တယ်၊ အချိန်လည်း ပေးဖို့ လိုဦးမယ်။ ဒါပေမဲ့ အခုချက်ချင်း ဆုံးဖြတ်ချက်ချရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ သူ့ကို ရောင်းလိုက်မှာပဲ" လို့ ပြောခဲ့ပါတယ်။ မေဆန် မောင့် အကြောင်းကိုတော့ "ကျွန်တော် သူ့ကို ကြိုက်ပါတယ်၊ သူက ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ သူက ဘရူနို ဖာနန်ဒက်စ်ရဲ့ ရှေ့မှာ ကစားခွင့်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့ကို တခြားဘယ်နေရာမှာ ထားကစားရမလဲဆိုတာလည်း မသေချာသလို သူက ပွဲလည်း အလုံအလောက် မကစားရပါဘူး။ ဒါကြောင့် သူ့ကိုလည်း ရောင်းသင့်တယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။ စကိုးလ်က လုခ်ရှော၊ အူဂါတေး၊ ကတ်စီမီရိုနဲ့ ဟယ်ရီမက်ဂွိုင်းရားတို့ကိုလည်း ရောင်းသင့်တယ်လို့ ပြောခဲ့ပြီး မက်ဂွိုင်းရားကတော့ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက်ပိုင်း ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဆီ ပထမဆုံးအကြိမ် ပြန်ရောက်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ပြီး ဒီလိုအောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ စကိုးလ် အကြံပြုထားသလိုမျိုး အသင်းရဲ့ လူစာရင်းကို အကြီးအကျယ် ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။