The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ပွဲစဉ်တွေကို ကြည့်ရှုနေရတာ နာကျင်ခံစားရတယ်လို့ ဝန်ခံလာတဲ့ ဂန်းနားဂန္တဝင်အီယန်ရိုက်

အာဆင်နယ်ဂန္ထဝင်ကစားသမားအီယန်ရိုက်က သူ့အသင်းဟောင်းရဲ့ကစားပုံကို ကြည့်ရတာ အခုနောက်ပိုင်းမှာ စိတ်မသက်မသာဖြစ်လာရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အာဆင်နယ်က လတ်တလောမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေပြီး အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် တစ်ပွဲပိုကစား၊  ၆ မှတ် အသာရနေပါတယ်။ ဒါပေမဲ့ မန်စီးတီးက ရာသီပိတ်ပိုင်းနီးကပ်လာတာနဲ့အမျှ အာဆင်နယ်ကို ဖိအားတွေ သိသိသာသာပေးလာပါတယ်။

ဒီရာသီမှာ အာဆင်နယ်ကို ဥရောပရဲ့ပျင်းစရာအကောင်းဆုံးအသင်းတွအနက် ပါဝင်လာတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညပိုင်း၊ စပို့တင်းလစ္စဘွန်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲကလည်း အသင်းအတွက် အခြေအနေတွေ ကောင်းမလာစေခဲ့ပါဘူး။

ဒီရလဒ်က ဘုန်းမောက်၊ မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ထပ်မံထွက်ပေါ်လာတဲ့ ရလဒ်ဆိုးတစ်ခုလည်း ဖြစ်ပါတယ်။ မန်ယူဂန္ထဝင်ကြယ်ပွင့်ရွိုင်ကိန်းနဲ့အတူ "The Overlap" အစီအစဉ်မှာ ပါဝင်တင်ဆက်စဉ် အခုလိုခြေစွမ်းမျိုးကြောင့် စိတ်ထိခိုက်မိတယ်လို့ အီယန်ရိုက်က ပြောပါတယ်။

"ပွဲတွေကို ကြည့်ရတာ တကယ်ကို စိတ်နာကျင်မိပါတယ်။ ကျွန်တော့်ကို နှိပ်စက်နေသလိုပါပဲ။ ဒီခံစားချက်မျိုးကို မဖော်ပြနိုင်တာက ပိုပြီး ခံရခက်ပါတယ်။

ကျွန်တော်က နည်းပြ၊ အသင်းနဲ့ ကစားသမားတွေအပေါ်မှာ အစွမ်းကုန် ယုံကြည်မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အရာအားလုံးက ပြန်ပြီး ပြိုလဲသွားသလိုမျိုး၊ ကစားသမားတွေ အမှားတွေလုပ်နေတာကို မြင်နေရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ သူက ဆိုပါတယ်။

အီယန်ရိုက်ရဲ့ ပြောကြားချက်အပေါ် ရွိုင်ကိန်းက ပြန်လည်တုံ့ပြန်ရာမှာတော့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရတာ ဘယ်တော့မှ မလွယ်ကူပုံနဲ့ အသင်းတိုင်းလည်း အမြဲတမ်း ပြီးပြည့်စုံမှုမရှိနိုင်ဘူးလို့ ထောက်ပြပါတယ်။

"အရာအားလုံး ပြိုလဲသွားပြီလို့ ပြောလို့မရသေးပါဘူး။ သူတို့က ဇယားထိပ်မှာ ရှိနေတုန်းပဲလေ။ သူတို့ နည်းနည်း စိုးရိမ်နေကြတာ၊ ဖိအားများနေတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါကို သူတို့ ကျော်ဖြတ်နိုင်ရပါမယ်။ ချန်ပီယံလမ်းကြောင်းက အစစအရာရာ ချောမွေ့နေမယ်လို့ ခင်ဗျားထင်နေတာလား? သူတို့ ခြောက်လလောက် စိုးရိမ်စိတ်ဝင်နေခဲ့လို့လား?" လို့ ရွိုင်ကိန်းက မေးခွန်းထုတ်ပါတယ်။

၁၉၉၇-၁၉၉၈ ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ အီယန်ရိုက်က လက်ရှိမှာ အာဆင်နယ်ဟာ ကွင်းအတွင်း ဘာကိုမှမယ်မယ်ရရ မစွမ်းဆောင်နိုင်တော့ဘူးလို့ ပြောဆိုရင်း ရွိုင်ကိန်းကို ချက်ချင်းပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"ချောမွေ့နေမယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး ရွိုင်ကိန်း။ ဘာလို့လဲဆိုတော့ ဘယ်တော့မှ မချောမွေ့ဘူးဆိုတာ သိနေလို့ပါ။ ဒါပေမဲ့ ဇယားထိပ်မှာ ရှိနေပြီး တခြားအသင်းတွေကို အနိုင်ယူရမယ်ဆိုတဲ့ အချိန်မျိုးမှာ သူတို့ဆီက ဘာဆိုဘာမှကို ထူးထူးခြားခြား မတွေ့ရတော့တာပါ" လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။