အယ်လ်ဟီလယ်နဲ့ သတင်းထွက်နေပေမဲ့ FSG ရဲ့ယုံကြည်မှုရရှိထားလို့ လီဗာပူးမှာပဲ ဆက်ရှိနေမယ့် ရစ်ချတ်ဟုဂျ်
ဆော်ဒီကလပ်အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ လီဗာပူးအားကစားဒါရိုက်တာရစ်ချတ်ဟုဂျ်ကတော့ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ စီအီးအိုမိုက်ကယ်အက်ဒ်ဝက်နဲ့ အားကစားဒါရိုက်တာရစ်ချက်ဟုဂျ်တို့နှစ်ဦးလုံး လာမယ့်နှစ်၊ စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှထွက်ခွာကြလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်၊ အန်ဖီးလ်ဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးက ရလဒ်ပိုင်းဆိုးရွားနေတဲ့နည်းပြအန်းစလော့ကို ဆက်လက်ထောက်ခံပေးဖို့ ရွေးချယ်ခဲ့လို့ ပရိသတ်တွေရဲ့စိတ်ပျက်လက်ပျက်အားမလိုအားမရဖြစ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ရစ်ချတ်ဟုဂျ်အတွက် ဆော်ဒီလိဂ်ကလပ်အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပေမဲ့ သတင်းထောက်တွေဖြစ်တဲ့ ဘန်ဂျက်ကော့ဘ်နဲ့ အဲလက်စ်ကွတ်ခ်တို့ကတော့ ဒီကောလာဟလတွေကို ငြင်းဆန်လိုက်ပါတယ်။
အဲလက်စ်ကွတ်ခ်က "အထူးသတင်းအနေနဲ့ ပြောရရင် ရစ်ချက်ဟုဂျ်က ဆော်ဒီကလပ် အယ်လ်ဟီလယ်ရဲ့စိတ်ဝင်စားမှု ရရှိနေပေမဲ့ ဒီနွေရာသီမှာ လီဗာပူးမှ မထွက်ခွာပါဘူး။ ယာဂန်ကလော့ပ်အလွန် အသင်းကို အချိန်ယူတည်ဆောက်ဖို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ သူက စိတ်ပိုင်းဖြတ်ထားပါတယ်။ အသင်းပိုင်ရှင် FSG ကလည်း သူ့အပေါ်ရော၊ မိုက်ကယ်အက်ဒ်ဝက်အပေါ်မှာပါ ယုံကြည်မှုရှိပါတယ်" လို့ ရေးသားခဲ့ပါတယ်။
ဘန်ဂျင်ကော့ဘ်ကလည်း "ရစ်ချတ်ဟုဂျ်က ဒီနွေရာသီမှာ လီဗာပူးမှ ထွက်ခွာဖို့မရှိဘဲ အသင်းကို ဆက်လက်အသွင်ပြောင်းလဲဖို့ ဦးဆောင်သွားပါလိမ့်မယ်။ စီနီယာကစားသမား သုံးလေးဦးလောက်အထိ အသင်းဆီခေါ်ယူသွားဖို့လည်း ရှိပါတယ်။ အယ်လ်ဟီလယ်ရဲ့စိတ်ဝင်စားမှု အစစ်အမှန်ဖြစ်ပေမဲ့ FSG ကတော့ ဟုဂျ်ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
အခုဘောလုံးရာသီ၊ ဆုဖလားမျှော်လင့်ချက်ကင်းမဲ့သွားသလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာပဲ ရှိနေလို့ ဒတ်ချ်လူမျိုးနည်းပြအန်းစလော့ကို အသင်းမှထွက်ခွာသွားပေးဖို့ ပရိသတ်တွေ တောင်းဆိုနေကြပေမဲ့ အသင်းပိုင်ရှင် Fenway Sports Group ကတော့ အန်းစလော့အပေါ် အပြည့်အဝယုံကြည်မှုရှိနေတယ်လို့ ဆိုပါတယ်။
အသက် ၄၆ နှစ်အရွယ်ဟုဂျ်က ယာဂန်ကလော့ပ် ထွက်ခွာသွားပြီးနောက် ၂၀၂၄ နွေရာသီမှာ လီဗာပူးဆီ ရောက်ရှိလာခဲ့ပြီး ဒီနွေရာသီအပြီးမှာလည်း အသင်းမှာ ဆက်ရှိနေဖို့ များပါတယ်။ ဒါပေမဲ့ မိုက်ကယ်အက်ဒ်ဝက်နဲ့ ပတ်သက်လို့တော့ သတင်းတွေ တစ်စုံတစ်ရာ ထွက်ပေါ်မလာသေးလို့ အသင်းမှထွက်ခွာနိုင်ခြေလည်း ရှိနေပါသေးတယ်။