The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့မှုအပေါ် သုံးသပ်ပြောဆိုလာတဲ့ ရိုဆင်နီယာ

ချဲလ်ဆီးနည်းပြရိုဆင်နီယာက မန်ချက်စတာယူနိုက်တက်ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပြောကြားခဲ့ပါတယ်။

ပွဲမစတင်ခင် ပရိသတ်တွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ရှိခဲ့ပြီးချိန်မှာပဲ အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဝင်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးအသင်းအတွက် အနိုင်သုံးမှတ်အပြည့်ရရှိဖို့ အလွန်အရေးကြီးခဲ့ပါတယ်။

ဒါပေမဲ့ ကွန်ဟာရဲ့ပထမပိုင်းသွင်းဂိုးက ယူနိုက်တက်အတွက် အဖိုးတန်သုံးမှတ်ကို ရရှိစေခဲ့သလို ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြရိုဆင်နီယာအတွက်လည်း ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

လတ်တလောမှာ ချဲလ်ဆီးအသင်းက ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးလေးပွဲဆက် ဂိုးပေါက်ပျောက်ကာ ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းဆိုးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ရိုဆင်နီယာက "တကယ်ကို ခက်ခဲလွန်းပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်းအတွက် ကစားသမား ၁၀ ဦးတည်း ဖြစ်သွားချိန် သူတို့မှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်"

"ကျွန်တော်တို့ဘက်ကပဲ တောက်လျှောက်ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့သလို တိုင်တွေ၊ ဘားတန်းတွေကိုလည်း ၄ ကြိမ်လောက် ထိခဲ့ပါတယ်။ အခြေအနေတွေက ကျွန်တော်တို့အပေါ်မှာ မရှိဘူးလို့ အသင်းသားတွေကို စိတ်မပျက်စေချင်ပါဘူး၊ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားရပါမယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း "အဲဒီလို အခိုက်အတန့်မျိုးမှာ ပိုပြီး ကောင်းကောင်း ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့လို့ အခုလို အပြစ်ပေးခံလိုက်ရပါတယ်။ လတ်တလောမှာတော့ ကျွန်တော်တို့ဆီက အမှားအသေးအမွှားလေးတွေမှတဆင့် ဂိုးတွေ ပေးနေရတယ်၊ ဒါကို ပြောင်းလဲနိုင်မှ ဖြစ်ပါမယ်"

"ဘောလုံးဆိုတာ ရလဒ်က အရေးကြီးပါတယ်၊ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ရလဒ်မျိုး မရခဲ့ပါဘူး။ အမှားသေးသေးလေးတွေ စုမိသွားတာမျိုး ဖြစ်ပေမဲ့ ကြိုးကြိုးစားစား ဆက်လုပ်သွားရပါမယ်"

"ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဖိအားအများကြီး ပေးထားပါတယ်။ အခြေအနေတွေကို အကောင်းဘက် ပြန်ရောက်လာအောင် အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့အတူ ဆက်ပြီး ကြိုးစားသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။