ယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တာက ချဲလ်ဆီးနဲ့မထိုက်တန်ဘူးလို့ ဒီလပ်ဆို
မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့အပေါ် စိတ်ပျက်အားငယ်မနေသင့်ဘူးလို့ ချယ်လ်ဆီးတိုက်စစ်မှူး လီယမ်ဒီလက်ပ်က ပြောကြားလိုက်ပါတယ်။
စနေနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒဲလက်ပ်က ပွဲအပြီးမှာတော့ "ဒီလိုရလဒ်မျိုးနဲ့ မထိုက်တန်ဘူးလို့ ခံစားရတဲ့အတွက် တကယ်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းပါ။ ဒီခံစားချက်က တကယ်ကို ဆိုးရွားပါတယ်။ ကစားသမားတစ်ယောက် ထုတ်ပယ်ခံလိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့ အာရုံစိုက်ပြီး ကာကွယ်ခဲ့ရမှာဖြစ်ပေမဲ့ အဲ့ဒီလိုမျိုး မလုပ်နိုင်ခဲ့ပါဘူး" လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "တခြားနေ့တွေမှာဆိုရင် ဒုတိယပိုင်းမှာတင် ကျွန်တော်တို့ လေးဂိုးလောက် သွင်းနိုင်မှာပါ။ ဒါပေမဲ့ ဒီနေ့ကတော့ ကံမကောင်းခဲ့ပါဘူး။ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာတော့ မဟုတ်ပါဘူး၊ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းမှာ နည်းနည်းလေး လိုအပ်ချက်ရှိသွားပြီး ဂိုးမဝင်ခဲ့တာပါ။ ကျွန်တော်တို့ စိတ်ပျက်ရပေမဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပြီး ပြန်လည်ပြင်ဆင်ရပါမယ်။ လာမယ့်အင်္ဂါနေ့မှာ အဲဒီလိုလုပ်နိုင်ဖို့ အခွင့်အရေးကြီးတစ်ခု ရှိနေပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အင်္ဂါနေ့ညမှာတော့ ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။