The network connection is lost.

Banner Image

ဖလားသုံးလုံးအောင်ပွဲရယူဖို့ အာရုံစိုက်နေလို့ ဘီယာနဲ့အောင်ပွဲခံဖို့ ခေတ္တဆိုင်းငံ့ထားဦးမယ့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အသင်းသမိုင်းတလျှောက် ၃၅ ကြိမ်မြောက်ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့လည်း ဒီရာသီမှာ ဖလားသုံးလုံးအောင်ပွဲ(Treble)ရယူနိုင်ဖို့ ကြိုးပမ်းနေမှုကြောင့် အစဉ်အလာအရ ဘီယာတွေနဲ့ ပက်ဖျန်းအောင်ပွဲခံခြင်းကို ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်က စတုဂတ်ကို နောက်မှလိုက်ကစားကာ ၄-၂ ဂိုးဖြင့် အနိုင်ယူပြီးနောက် လက်ကျန်လေးပွဲအလို၊ ဒုတိယနေရာရှိ ဒေါ့မွန်ကို ၁၅ မှတ်ဖြတ်ကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ နှစ်စဉ်အောင်ပွဲခံမှုတွေမှာ ကစားသမားတွေက ဘီယာဖန်ခွက်ကြီးတွေ ကိုင်ပြီး ကွင်းထဲမှာ တစ်ဦးနဲ့တစ်ဦး လိုက်လံပက်ဖျန်းတဲ့ ပုံရိပ်တွေ အမြဲလိုလိုမြင်တွေ့ခဲ့ရပေမဲ့ အခုဘောလုံးရာသီမှာတော့ လာမယ့်ဗုဒ္ဓဟူးနေ့၊ လေဗာကူဆင်နဲ့ရင်ဆိုင်ရမယ့် ဂျာမန်ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို အာရုံစိုက်နိုင်ဖို့ အောင်ပွဲခံမှုတွေကို ခေတ္တရွှေ့ဆိုင်းခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရပါမယ်။

အခုသီတင်းပတ်ကုန်ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လူးဝစ်ဒီယက်ဇ်က ဂိုးဖန်တီးမှုနှစ်ကြိမ်၊ မူစီယာလာက ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ ရာသီပိတ်ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် သူတို့နှစ်ဦးလုံးကို ပထမပိုင်းပွဲချိန်အပြီး လူစားလဲအနားပေးခဲ့ပါတယ်။

"အောင်ပွဲခံရမယ့်အချိန် ရောက်လာတော့မှာပါ၊ ဟုတ်ပါတယ် ရောက်လာတော့မှာပါ" လို့ မူစီယာလာက DAZN ကို ပြောပါတယ်။ "ကျွန်တော်တို့တွေ အောင်ပွဲခံဖို့ သေချာပြင်ဆင်ထားပါတယ်၊ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ဖြစ်ဖို့များပါတယ်။ အခုတော့ အဝတ်လဲခန်းထဲကို တန်းသွားကြပါမယ်။ လောလောဆယ်တော့ ဘာမှထူးထူးခြားခြား မလုပ်ဖြစ်ပေမဲ့ နောက်ဆုံးပွဲစဉ်မှာတော့ သေချာပေါက်အောင်ပွဲခံပါမယ်" လို့ သူက ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာပြီးနောက် ဘွန်ဒစ်လီဂါဖလားနှစ်ကြိမ်နဲ့ စူပါဖလားတစ်ကြိမ်ရရှိထားတဲ့ တိုက်စစ်မှူးဟယ်ရီကိန်းကလည်း အခြားဆုဖလားတွေပါ ထပ်ရရှိမှ အောင်ပွဲခံရတာ ပိုချိုမြိန်လိမ့်မယ်လို့ ဆိုပါတယ်။

"အောင်ပွဲခံဖို့က အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေ၊ အသင်းဖော်တွေနဲ့ အတူတူအောင်ပွဲခံသွားပါမယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်နဲ့တော့ နည်းနည်းကွဲပြားပါတယ်။ အဲ့ဒီတုန်းက တခြားပြိုင်ပွဲတွေ မရှိတော့လို့ အားလုံးအတူတူအောင်ပွဲခံဖို့ အခွင့်အရေးရခဲ့ပါတယ်။ အခုတော့ အဲ့ဒီလို မဖြစ်နိုင်သေးပေမဲ့ အချိန်တစ်ခုတော့ ပေးသွားရပါလိမ့်မယ်။ လောလောဆယ်တော့ ဒီညကိုပဲ ပျော်ပျော်ပါးပါးဖြတ်သန်းပြီး ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် အပြည့်အဝအာရုံစိုက်သွားရပါမယ်" လို့ ဟယ်ရီကိန်းက ပြောကြားခဲ့ပါတယ်။

ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီကလည်း "ကျွန်တော်တို့ အောင်ပွဲမခံခင် ခဏလောက် ထပ်စောင့်ပေးရမယ်ဆိုတဲ့အချက်ကို လက်ခံပေးနိုင်မယ့်အခြေအနေဆီ ရောက်နေပါပြီ" လို့ DAZN ကို ပြောခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာလည်း ကွန်ပနီက ကျန်ရှိနေတဲ့ချန်ပီယံဆုဖလားနှစ်လုံးဆီ အာရုံစိုက်လာခဲ့ပါတယ်။"ဒီရာသီမှာ ကျွန်တော်တို့ ရှုံးပွဲနည်းနည်းပဲ ရှိပါသေးတယ်။ အောင်မြင်မှုတွေ အများကြီးရနိုင်ပါသေးတယ်။ ကျွန်တော်တို့ လေဗာကူဆင်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။ ဒါ ဘောလုံးပွဲတစ်ခုဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်ရှိပါတယ်။ ဘောလုံးလောကမှာ အဲ့ဒီယုံကြည်ချက်က အများကြီးတန်ဖိုးရှိပါတယ်" လို့ ကွန်ပနီက ဆိုပါတယ်။

နူအာအနားယူနေချိန် အသင်းကပ္ပတိန်အဖြစ်တာဝန်ယူထားတဲ့ ကင်မစ်ချ်ကလည်း သူတို့အသင်းရဲ့ချန်ပီယံဆုပြတ်ပြတ်သားသားကာကွယ်နိုင်မှုကို ချီးကျူးခဲ့သလို ပြိုင်ဘက်တွေကိုလည်း သတိပေးစကား ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့တဲ့ပုံစံက ထူးခြားပါတယ်။ အရင်နှစ်တွေထက်စာရင် ဒီနှစ်မှာ ပိုပြီးတည်တည်ငြိမ်ငြိမ်၊ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ ကျန်ပါသေးတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။