နွေရာသီမှာ အသင်းပြောင်းဖွယ်ရှိတဲ့ ဘာစီလိုနာကြယ်ပွင့်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ ဆွေးနွေးနေ
ဘာစီလိုနာအသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ဖြေရှင်းရမယ့်ကိစ္စရပ်တွေ အများကြီးရှိနေပြီး အဲဒီထဲမှာ လီဝန်ဒေါစကီးရဲ့ အခြေအနေလည်း ပါဝင်ပါတယ်။ ပိုလန်တိုက်စစ်မှူးရဲ့စာချုပ်က ဇွန်လမှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပြီး နူးကမ့်မှာ ဆက်နေဖို့အတွက် အသင်းရဲ့စာချုပ်သက်တမ်းတိုးကမ်းလှမ်းမှုရှိထားပေမဲ့ သူ တကယ်ပဲ ဆက်နေမလားဆိုတာတော့ အသေအချာမသိရသေးပါဘူး။
လီဝန်ဒေါစကီးကို ကမ်းလှမ်းထားတဲ့ စာချုပ်သစ်မှာ လုပ်ခလစာကို အများကြီး လျှော့ချထားလို့ ကစားသမားရဲ့ဘာစီလိုနာအနာဂတ်က သံသယဖြစ်စရာ ဖြစ်လာပါတယ်။ ကတ္တလန်မှာ ဆက်နေဖို့အတွက် အခုလို ငွေကြေးအများကြီး အနစ်နာခံဖို့ သူ ပြင်ဆင်ထားသလားဆိုတာကတော့ လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကလပ်အသင်း အများအပြားကတော့ ဒီမရေရာတဲ့ အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားလာနိုင်ပါတယ်။
အဲ့ဒီလိုအသင်းတွေထဲမှာ ဂျူဗင်တပ်စ်လည်း ပါဝင်နေပါတယ်။ သူတို့ကတော့ အသင်းမှထွက်ခွာဖို့ရှိနေတဲ့ ဗလာဟိုဗစ်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတာပါ။ Sport သတင်းဌာနရဲ့ဖော်ပြချက်အရ စီးရီးအေထိပ်သီးကလပ်ဂျူဗင်တပ်စ်က လီဝန်ဒေါစကီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက လီဝန်ဒေါစကီးကိုခေါ်ယူနိုင်ရင် သူတို့ရဲ့တိုက်စစ်ပိုင်း အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။ အထူးသဖြင့် ဘာစီလိုနာကမ်းလှမ်းမှုထက် ပိုကောင်းမယ့် ငွေကြေးဆိုင်ရာ အခွင့်အရေးမျိုး ပေးနိုင်မယ်ဆိုရင် ဒီဝါရင့်တိုက်စစ်မှူးနဲ့ သဘောတူညီမှု ရနိုင်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ်။
ပီနီ ဇာဟာဗီ ဦးဆောင်တဲ့ လီဝန်ဒေါစကီးရဲ့ကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အေစီမီလန်နဲ့လည်း စကားပြောဆိုခဲ့ပါသေးတယ်။ အေစီမီလန်ကလည်း လာမယ့်ရာသီမှာ လီဝန်ဒေါစကီးကို သူတို့ရဲ့လူစာရင်းမှာ ထည့်သွင်းချင်နေပါတယ်။ သူတို့ကလည်း တိုက်စစ်မှူးသစ်တစ်ဦးကို လိုက်လံရှာဖွေနေပြီး လီဝန်ဒေါစကီးကို အရခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်နဲ့ ထိပ်တိုက်ရင်ဆိုင်သွားဖို့ အသင့်ရှိနေပါတယ်။
လာမယ့်သီတင်းပတ်တွေမှာ လီ၀န်ဒေါစကီးရဲ့အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လက်ရှိအချိန်မှာတော့ သူက ဘာစီလိုနာမှာ ဆက်နေဖို့ထက် ထွက်ခွာဖို့ ပိုနီးစပ်နေပြီး ဒါက ဂျူဗင်တပ်စ် သို့မဟုတ် အေစီမီလန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။