The network connection is lost.

Banner Image

တိုနာလီနဲ့ ဂေါ်ဒွန် တို့ကို နယူးကာဆယ်ကနေထွက်ခွာလိုပါက တားမှမဟုတ်ကြောင်း ဟိုဝီအခိုင်အမာပြော

နယူးကာဆယ် မန်နေဂျာ အက်ဒီ ဟိုဝီက အန်သိုနီ ဂေါ်ဒွန်နဲ့ ဆန်ဒရို တိုနယ်လီတို့လို ကစားသမားတွေကို အသင်းမှာ ဆက်ရှိမလား၊ ထွက်မလားဆိုတဲ့ ရာဇသံတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခွင့်အရေး မရှိသလောက် ဖြစ်သွားခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အတော်လေး အလုပ်များလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အသက် ၂၅ နှစ်အရွယ်စီ ရှိကြတဲ့ ဂေါ်ဒွန်နဲ့ တိုနယ်လီတို့ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စိန့်ဂျိမ်းစ်ပတ်ခ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ဆက်စပ်နေခဲ့တာပါ။

စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဟိုဝီက သူ့ရဲ့ ကစားသမားတွေအနေနဲ့ အသင်းအပေါ် အပြည့်အဝ အာရုံစိုက်ဖို့ တောင်းဆိုလိုက်ပါတယ်။

"ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့် ကစားသမားတွေဆီကနေ အသင်းအပေါ် အပြည့်အဝ ပေးဆပ်လိုစိတ်ရှိတာကို မြင်နေရတယ်ဆိုတာပါပဲ" လို့ သူက ဆိုပါတယ်။ "မီဒီယာတွေမှာတော့ အချိန်နဲ့အမျှ သတင်းအမျိုးမျိုး ထွက်နေမှာကို ကျွန်တော် သိပါတယ်။ ဒါဟာ ကျွန်တော်တို့ လက်ရှိ အခြေအနေအရ ကြုံတွေ့ရလေ့ရှိတဲ့ အရာတွေပါပဲလို့လည်း ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဒါဟာ ကျွန်တော် အလိုရှိတဲ့ အရာလည်း မဟုတ်သလို အားပေးတဲ့ အရာလည်း မဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ စိတ်ရောကိုယ်ပါ ဒီအသင်းမှာပဲ အပြည့်အဝ ရှိနေစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပြိုင်နက်တည်း နှစ်ခုစလုံး (နေချင်စိတ်ရော၊ ထွက်ချင်စိတ်ရော) လုပ်လို့ မရနိုင်လို့ပါပဲ"

"ခင်ဗျားတို့ အနေနဲ့ အသင်းမှာ ရှိရင်ရှိ၊ မရှိရင် ထွက်၊ ကျွန်တော့်အတွက်ကတော့ ကြားနေဆိုတာ မရှိပါဘူး။ တကယ်လို့ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်က အဲဒီလို (စိတ်မပါဘဲ) ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ တကယ်ကို စိတ်ပျက်စရာ ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလို အပြောင်းအရွှေ့ ဆွေးနွေးမှုတွေမှာ မပါဝင်တဲ့အတွက် တစ်ခုခုကို အသေအချာတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော့်ကို ကိုယ်တိုင်လာပြီးတော့ ဒီအချက်နဲ့ ဆန့်ကျင်ဘက် ပြောထားတာမျိုးလည်း ဘယ်သူမှ မရှိသေးပါဘူး" လို့ ဟိုဝီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။