The network connection is lost.

Banner Image

အီရာအိုလာရဲ့နေရာအတွက် မာကိုရို့စ်ကို တာဝန်ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဘုန်းမောက်

အီရာအိုလာရဲ့နေရာမှာ အစားထိုးဖို့အတွက် လာမယ့်နွေရာသီမှာ မာကိုရို့စ်က အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူသွားမယ်လို့ ဘုန်းမောက်အသင်းမှ ကြေညာခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြမာကိုရို့စ်က ဗီတယ်လီတီကွင်းဆီ သုံးနှစ်သက်တမ်းရှိစာချုပ်ဖြင့် လာရောက်ဖို့ သဘောတူညီခဲ့ပါတယ်။ ဘုန်းမောက်က အီရာအိုလာကို စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်ခဲ့ပေမဲ့ အသင်းရဲ့ရေရှည်စီမံကိန်းအရ စပိန်သားနည်းပြရဲ့နေရာမှာ အစားထိုးမယ့်သူကို အမြန်ဆုံးရှာဖွေခဲ့ပါတယ်။

ဘုန်းမောက်အသင်းရဲ့ထုတ်ပြန်ချက်မှာ "၂၀၂၅-၂၆ ဘောလုံးရာသီအပြီး၊ သုံးနှစ်သက်တမ်းရှိစာချုပ်ဖြင့် မာကိုရို့စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်မှုအပေါ် အတည်ပြုပေးနိုင်လို့ ဝမ်းသာမိပါတယ်" လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသက် ၄၉ နှစ်အရွယ်ရှိမာကိုရို့စ်က ဥရောပဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်ပြိုင်ပွဲတွေမှာ အတွေ့အကြုံများစွာ ပိုင်ဆိုင်ခဲ့ပါတယ်။

သူက ဆဲလ်ဘတ်၊ မိုချန်ဂလာဘတ်နဲ့ ဒေါ့မွန်တို့ကို ကိုင်တွယ်ချိန် ဟာလန်း၊ ဘယ်လင်ဂမ်နဲ့ ဆိုဘိုဆလိုင်းတို့လို ထိပ်တန်းကစားသမားတွေနဲ့ အတူလက်တွဲခဲ့ပြီး လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ မှတ်တမ်းကောင်းတွေ ရရှိထားပါတယ်။

ဘုန်းမောက်အသင်းပိုင်ရှင်တွေကလည်း မာကိုရို့စ်ရဲ့ အထိုင်မပျက် တိုက်စစ်ဆင်ကစားတဲ့ ပုံစံကို သဘောကျခဲ့ကြပြီး ဒါဟာ အသင်းရဲ့ပုံစံနဲ့လည်း ကိုက်ညီမယ်လို့ ယုံကြည်နေကြပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လမှာ လိုက်ပ်ဇစ်အသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ မာကိုရို့စ်က ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာလည်း အတွေ့အကြုံရင့်ကျက်သူ ဖြစ်ပါတယ်။

အခုလို နည်းပြသစ်ခန့်အပ်မှုက ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အီရာအိုလာရဲ့အသင်းမှထွက်ခွာမယ့် ဆုံးဖြတ်ချက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၃ နှစ်ကြာအမြင့်ပျံသန်းခဲ့တဲ့ခရီးစဉ်ကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် စပိန်လူမျိုးနည်းပြ အီရာအိုလာဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ဘုန်းမောက်ဆီ ရောက်ရှိလာခဲ့ပြီး ဂယ်ရီအိုနေးလ်လက်ထက်၊ အဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့အသင်းကို သိသိသာသာပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

သူက ပွဲဦးထွက်ဘောလုံးရာသီမှာတင် ဘုန်းမောက်ကို အဆင့် ၁၂ နေရာဆီ ပို့ဆောင်ပေးခဲ့ပြီး ရမှတ် ၄၈ မှတ်ဖြင့် အသင်းရဲ့စံချိန်သစ်ကို ချမှတ်နိုင်ခဲ့လို့ စာချုပ်သက်တမ်းတစ်နှစ်တိုးခွင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ရမှတ် ၅၆ မှတ်ဖြင့် အဆင့် ၉ နေရာနဲ့ ရာသီပိတ်နိုင်ခဲ့သလို အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဘုန်းမောက်က ၁၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ မှာ ရပ်တည်နေကာ အဆင့် ၆ နေရာရှိ ချဲလ်ဆီးနဲ့ အမှတ်တူနေပါတယ်။

အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ "အခုလောလောဆယ်မှာ အသင်းရဲ့အဓိကရည်မှန်းချက်က ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ပါပဲ။ ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေအားလုံးကလည်း အကောင်းဆုံးရလဒ်တွေရဖို့နဲ့ ၁၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဘုန်းမောက်အသင်းမှာရှိသူတိုင်းကလည်း နွေရာသီမှာ နည်းပြချုပ်အဖြစ် စတင်တာဝန်ယူမယ့် မာကိုရို့စ်ကို ဗီတယ်လီတီကွင်းဆီ နွေးနွေးထွေးထွေးကြိုဆိုဖို့ မျှော်လင့်နေကြပါတယ်" လို့ ဆက်လက် ဖော်ပြထားပါတယ်။

အာဆင်နယ်နဲ့ နယူးကာဆယ်တို့ကို အဝေးကွင်းမှာ ၁-၂ ဂိုးဖြင့် ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် ဘုန်းမောက်အသင်းက လာမယ့်ဗုဒ္ဓဟူးညပိုင်းမှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်တက်ရောက်ထားနိုင်တဲ့ လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။

ရာသီကုန်မှာ မာကိုရို့စ်ဆီ တာဝန်မလွှဲပြောင်းပေးခင် အီရာအိုလာက ဘုန်းမောက်ကို ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်။ အီရာအိုလာက သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘီလ်ဘာအိုတင်မက မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြသစ်ရာထူးအတွက်ပါ နာမည်ထွက်နေပါတယ်။