လီဗာပူးမှာ တောရက်စ်ကို အီကီတီကီကျော်ဖြတ်နိုင်မယ်လို့ လော်ရန်တေး ယုံကြည်နေ
တော့တင်ဟမ်၊ နာပိုလီနဲ့ ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း ဖာနန်ဒိုလော်ရန်တေးက ဟူဂိုအီကီတီကီရဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ပီအက်စ်ဂျီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ ခြေဖနောင့်ကြော (Achilles tendon) ပြတ်တောက်ဒဏ်ရာရရှိသွားတဲ့ အီကီတီကီက ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေအပြင် ဒီနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်တော့မယ်ဆိုတဲ့ ဝမ်းနည်းစရာသတင်းတွေ ဒီလထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် အီကီတီကီဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် အဓိကဂိုးသွင်းရှင် ဖြစ်ခဲ့သလို နောက်ရာသီမှာ အသင်းရဲ့ ချန်ပီယံဆုတကျော့ပြန်စိန်ခေါ်နိုင်ရေးခရီးလမ်းအတွက် အလွန်အရေးပါတဲ့သူ ဖြစ်လာလိမ့်မယ်လို့လည်း အများက ယုံကြည်နေကြပါတယ်။
Hajper နဲ့ အင်တာဗျူးမှာ လော်ရန်တေးက ပြင်သစ်တိုက်စစ်မှူးလေးသာ ဆက်တိုးတက်အောင် ကြိုးစားမယ်ဆိုရင် အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်ကိုတောင် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
"ဖာနန်ဒိုတောရက်စ်ကတော့ မယုံနိုင်စရာကောင်းတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာပါ။ အီကီတီကီကတော့ အခုမှ လူငယ်ကစားသမားပဲ ရှိသေးသလို ထိပ်တန်းအဆင့်မှာ ကစားခဲ့တာလည်း နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။ သူက အရည်အချင်းရှိပြီး ထိပ်တန်းအဆင့်ကစားသမားတစ်ဦး ဖြစ်လာနိုင်ပေမဲ့ အခုလို အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့သူနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ စောလွန်းပါသေးတယ်။ ဒါပေမဲ့ သူသာ ဆက်ပြီး တိုးတက်နေမယ်ဆိုရင် ဘာလို့မဖြစ်နိုင်ရမှာလဲ။ သူ့မှာ အချိန်တွေ အများကြီးရှိပါသေးတယ်။ ဒါ သူ့ရဲ့ ဆာလောင်မှု၊ တစိုက်မတ်မတ်ကြိုးစားမှုနဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" လို့ လော်ရန်တေးက ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ အဲဗာတန်နဲ့ပွဲစဉ်မှာတော့ အီကီတီကီမပါဝင်တဲ့ လီဗာပူးက မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အီကီတီကီနေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ အီဆက်ခ်ကတော့ ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ ရာသီပိတ်ပွဲစဉ်တွေအတွက် တိုက်စစ်ပိုင်းမှာ စိုးရိမ်စရာဖြစ်လာပါတယ်။