The network connection is lost.

Banner Image

စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေမှာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ကိုနာတေးဝန်ခံ

စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြီးဆုံးလုနီးပါးဖြစ်နေလို့ လီဗာပူးအသင်းဗဟိုခံစစ်မှူးကိုနာတေးက အန်ဖီးလ်ကွင်းမှာပဲ ဆက်ရှိနေဖို့ သေချာသလောက် ရှိနေပါတယ်။

ကိုနာတေးရဲ့လက်ရှိစာချုပ်က အခုဘောလုံးရာသီပြီးဆုံးချိန်၊ သက်တမ်းကုန်ဆုံးသွားပါလိမ့်မယ်။ ဒါကြောင့်လည်း ပြင်သစ်နောက်ခံလူကို ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်သီးကလပ်အသင်း အတော်များများနဲ့ အပြောင်းအရွှေ့သတင်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ကိုနာတေးက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကတည်းက စာချုပ်သက်တမ်းတိုးဖို့အတွက် အသင်းနဲ့ ဆွေးနွေးခဲ့ပြီး အခုအချိန်မှာတော့ ဆွေးနွေးမှုတွေအဆုံးသတ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အဲဗာတန်ကို ၁-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ Hill Dickinson ကွင်းပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကိုနာတေးက အသင်းမှာဆက်ရှိဖို့ နီးစပ်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လူတွေ အမျိုးမျိုးပြောနေကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းနဲ့ဆွေးနွေးနေတာ တော်တော်လေးကြာနေပြီဖြစ်သလို အခုဆိုရင် သဘောတူညီမှုရဖို့လည်း နီးစပ်နေပါပြီ"

"အားလုံးက ဒါကို တတ်နိုင်သမျှ အကြာကြီးဖြစ်စေချင်ကြတယ်လို့ ထင်ပါတယ်၊ အခုတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါပြီ။ သေချာတာကတော့ လာမယ့်ရာသီမှာ ကျွန်တော် ဒီမှာဆက်ရှိနေဖို့ အခွင့်အရေး အများကြီးရှိပါတယ်။ ဒါက ကျွန်တော် အမြဲလိုချင်ခဲ့တဲ့အရာပါ။ စာချုပ်ကိစ္စအားလုံးပြီးပြတ်ဖို့ပဲ စောင့်နေတာပါ၊ အားလုံးပြီးသွားတဲ့အခါ စက်တင်ဘာ၊ နိုဝင်ဘာလတွေမှာ ရစ်ချတ်ဟုဂျ်ကို ကျွန်တော် ဘာပြောခဲ့လဲဆိုတာ သူ့ဆီ သွားမေးကြည့်လိုက်ပါ၊ လူတိုင်း ပါးစပ်ပိတ်သွားအောင် သူ တစ်ခုခုပြောပြပါလိမ့်မယ်"

"အားလုံးအဆင်ပြေသွားတဲ့အခါ လူတွေအမျိုးမျိုးမပြောကြခင် လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်တော် ဘာပြောခဲ့လဲဆိုတာ ရစ်ချတ်ဟုဂျ်ကို မေးကြည့်စေချင်ပါတယ်။ သူ ပြန်ဖြေတဲ့အခါ ခင်ဗျားတို့ အဖြေကို သိရမှာပါ။ ကျွန်တော်ကတော့ အဲဒါလေးပဲ ဖြစ်စေချင်ပါတယ်" လို့ ကိုနာတေးက ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုနာတေးက ၂၀၂၁ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းမှ ပေါင် ၃၆ သန်းဖြင့် ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ၁၇၈ ပွဲအထိ ကစားပေးပါတယ်။ သူသာ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိုက်ပြီဆိုရင် နောက်ထပ်ထွက်ပေါ်လာမယ့် အပြောင်းအရွှေ့ကောလာဟလတွေကို အဆုံးသတ်သွားစေနိုင်လို့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။