ပရီမီးယားလိဂ်တန်းတက်ခဲ့ပြီးနောက် ကိုဗင်ထရီအတွက် အလုပ်ကြိုးစားရမယ့်အချိန် အခုမှစတာလို့ လမ်းပတ် သတိပေး
ကိုဗင်ထရီစီးနည်းပြ ဖရန့်လမ်းပတ်က လာမယ့် ပရီမီးယားလိဂ်ပြိုင်ပွဲအတွက် ဒီနှစ်နွေရာသီမှာ အလုပ်တွေ အများကြီးလုပ်ဖို့ လိုအပ်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
သောကြာနေ့ညက ဘလက်ဘန်းအသင်းနဲ့ သရေကျခဲ့ပြီးနောက် ကိုဗင်ထရီက ပရီမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ လမ်းပတ်က "အလုပ်တွေ အများကြီး လုပ်ဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအတွက် ဒါဟာ ဘယ်လောက်အထိ ကြီးမားတဲ့ ခြေလှမ်းဆိုတာ ကျွန်တော်တို့ သိနေလို့ပါ။ ဒါကြောင့် လက်ရှိအခြေအနေအရ ကျွန်တော်တို့ အမြန်ဆုံး ပြင်ဆင်သွားရပါမယ်။ ရည်မှန်းချက်လည်း ကြီးကြီးထားရမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကိုဗင်ထရီအသင်းဖြစ်နေလို့ပါပဲ။
ပရီမီးယားလိဂ်က ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိသလို အဲဒါဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာသေချာပါတယ်။ လာမယ့် နှစ်ပတ်လောက်တော့ အခုလို အောင်မြင်မှုကို ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရပေမဲ့ တကယ့်တန်းတက်တဲ့အခါမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေစေဖို့ နောက်ကွယ်ကနေ သေချာပေါက် အလုပ်လုပ် ပြင်ဆင်ကြရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။