အန်းစလော့ရဲ့ လီဗာပူးနည်းပြဘ၀အနာဂတ်နဲ့ပတ်သက်လို့ အရေးကြီးသတင်းစကားပြောပြလာတဲ့ ကာရေဂါ
လီဗာပူးနောက်ခံလူဟောင်းကာရေဂါကတော့ အန်းစလော့သာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် အသင်းမှာ နည်းပြအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိဖို့ အားပြိုင်နေကြရာမှာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းက ဘရိုက်တန်ထက် ငါးမှတ်၊ ချဲလ်ဆီးထက် ခုနစ်မှတ် အသာရပြီး ဦးဆောင်နေပါတယ်။
အခုဘောလုံးရာသီ၊ ဆုဖလားမျှော်လင့်ချက်တွေနဲ့ ဝေးကွာသွားခဲ့ပြီးနောက် လီဗာပူးရဲ့အဓိကပန်းတိုင်က လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကာလအတွင်း အဲဗာတန်နဲ့ ဖူဟမ်တို့ကို အနိုင်ရရှိမှုကလည်း သူတို့ရဲ့ အခွင့်အရေးကို ပိုပြီးအားကောင်းလာစေခဲ့ပါတယ်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ အာဆင်နယ်အသင်း တက်ရောက်နိုင်ခဲ့လို့ လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်က ခွဲတမ်းငါးနေရာအထိ ရရှိပါလိမ့်မယ်။ အန်းစလော့အပေါ် ဖိအားတွေ များနေပေမဲ့ ဒီလိုဝင်ခွင့်ရအောင် လုပ်ဆောင်နိုင်ခြင်းကသာ ဒတ်ခ်ျလူမျိုးနည်းပြရဲ့ရာထူးကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ကာရေဂါက ဆိုပါတယ်။
"အန်းစလော့ရဲ့ရာထူးအခြေအနေနဲ့ ပတ်သက်ပြီး တစ်ရာသီလုံး ပြောနေကြတာပါ။ Monday Night Football အစီအစဉ်မှာလည်း ဒီအကြောင်းကို ကျွန်တော်တို့ အများကြီးဆွေးနွေးဖြစ်ခဲ့ပါတယ်" လို့ ကာရေဂါက ပြောပါတယ်။
"အန်းစလော့ကို ဆက်ထားသင့်သလား၊ ထုတ်သင့်သလားဆိုတဲ့အပေါ် လီဗာပူးပရိသတ်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြားနေရတဲ့သတင်းတွေအရတော့ အခုလက်ရှိ အခြေအနေအတိုင်းပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်နိုင်ရင် အန်းစလော့ကို လာမယ့်ရာသီမှာလည်း လီဗာပူးနည်းပြအဖြစ် ဆက်လက်မြင်တွေ့ရပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။
လီဗာပူးက လာမယ့်စနေနေ့မွန်းလွဲပိုင်း၊ အန်ဖီးလ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုအခွင့်အရေးရှိလာအောင် ကြိုးစားသွားရပါမယ်။ ဒီရာသီကို ဆုဖလားလက်မဲ့အဖြစ် အဆုံးသတ်ရတော့မယ့် အန်းစလော့နဲ့ သူ့ရဲ့အသင်းအတွက် နောက်ထပ်သုံးမှတ်ရှာဖွေနိုင်ဖို့ အလွန်အရေးကြီးနေပါတယ်။