ဘုန်းမောက်နဲ့ပွဲမှာရခဲ့တဲ့ သရေတစ်မှတ်က တန်ဖိုးမဖြတ်နိုင်ဘူးလို့ လိဒ်စ်နည်းပြ ဖာကီ ပြောကြား
ဘုန်းမောက်အသင်းနဲ့ ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲကစားပုံဟာ ချဲလ်ဆီးနဲ့ ကစားရမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်မှုဖြစ်ခဲ့တယ်လို့ လိဒ်ယူနိုက်တက် နည်းပြ ဒန်နီယယ် ဖာကီက ပြောပါတယ်။ ပွဲချိန် ၉၇ မိနစ်မှာ ရှောင်လောင်းစတပ်ဖ်ရဲ့ ဗော်လီကန်ချက်ကနေတစ်ဆင့် လိဒ်အသင်းဟာ ဒင်းကုတ်ကွင်းမှာ အဖိုးတန်သရေတစ်မှတ်ကို အရယူနိုင်ခဲ့တာပါ။
ပွဲအပြီးမှာ ဖာကီက "ကျွန်တော်တို့အတွက်တော့ ဒါဟာ ဇယားရပ်တည်မှုအတွက်တင်မဟုတ်ဘဲ ရရှိလာတဲ့ပုံစံကြောင့်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ ဒီနေ့မှာ အမှတ်ရခဲ့တာဟာ စိတ်ဓာတ်ပိုင်း၊ တိုက်ပွဲဝင်လိုစိတ်၊ ယုံကြည်ချက်၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှု၊ စည်းလုံးမှုနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကြောင့် ဖြစ်ပါတယ်" လို့ ပြောပါတယ်။
"ဒီနေ့ရလဒ်ဟာ နိုင်ပွဲတစ်ပွဲလိုမျိုး ခံစားရပြီး ဒီလိုမျိုး ရုန်းကန်ပြီး အမှတ်ရတာဟာ တခါတလေမှာ လွယ်လွယ်ကူကူ ၂-၀၊ ၃-၀ ဒါမှမဟုတ် ၄-၀ နဲ့ နိုင်တာထက်တောင် ပိုအရေးကြီးပါတယ်။ ဒါကြောင့်လည်း အသင်းအတွက်ရော၊ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ စိတ်ဓာတ်ခွန်အားအတွက်ပါ အရေးပါပါတယ်" လို့လည်း သူက ဆိုပါတယ်။
"ပြီးတော့ ပြီးခဲ့တဲ့ပွဲတွေတုန်းကလို အသာစီးကစားပြီး အကောင်းဆုံးခြေစွမ်းပြနိုင်မှပဲ အမှတ်ရနိုင်တာ မဟုတ်ဘူးဆိုတာကိုလည်း သိသွားစေပါတယ်။ တစ်ခါတလေမှာ ကိုယ့်အတွက် ခက်ခဲတဲ့ပွဲမျိုးဖြစ်နေရင်တောင် စိတ်ဓာတ်နဲ့ ယုံကြည်ချက်ကိုသုံးပြီး အမှတ်ရအောင် တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ဒါဟာ ဖလားပွဲအတွက်တင်မဟုတ်ဘဲ ကျန်ရှိနေတဲ့ ရာသီပွဲစဉ်တွေအားလုံးအတွက်ပါ စိတ်ဓာတ်ခွန်အားဖြစ်စေပြီး ကျွန်တော်တို့အတွက် သေချာပေါက် ကောင်းမွန်တဲ့ အချက်ပါပဲ" လို့ ဖာကီက ပြောကြားခဲ့ပါတယ်။