The network connection is lost.

Banner Image

အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ဖလားကျင်းပမယ့် ဘောလုံးကွင်းတွေနဲ့ ပရိသတ်ဖျော်ဖြေပွဲတွေမှာ ဒရုန်းပျံသန်းခွင့် ပိတ်ပင်

ဇွန် ၁၁ ရက်မှာစတင်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း အမေရိကန်နိုင်ငံရှိ အိမ်ရှင်ဘောလုံးကွင်းတွေနဲ့ ပရိသတ်ဖျော်ဖြေပွဲကျင်းပမယ့်နေရာတွေမှာ ဒရုန်းပျံသန်းခွင့်ကို ပိတ်ပင်သွားမယ်လို့ အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ပြိုင်ပွဲကျင်းပမယ့်ရက်တွေမှာ အထူးခွင့်ပြုချက်မရရှိဘဲ ဘောလုံးကွင်းတွေရဲ့ ၃ နာတီကယ်မိုင် (၅ဒဿမ၆ ကီလိုမီတာ) ပတ်လည်နဲ့ မြေပြင်အထက် ပေ ၃၀၀၀ (မီတာ ၉၀၀) အထိ ဒရုန်းတွေအပါအဝင် ဘယ်လိုလေယာဉ်မျိုးကိုမဆို ပျံသန်းခွင့်ပိတ်ပင်ထားမယ်လို့ ဖက်ဒရယ်လေကြောင်းဦးစီးဌာန(FAA)ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

အိမ်ရှင်မြို့တွေမှာရှိတဲ့ ဘောလုံးကွင်းတွေနဲ့ တခြားနေရာတွေမှာ ကျင်းပမယ့် ပရိသတ်ဖျော်ဖြေပွဲတွေရဲ့ တစ်ဝိုက်မှာတော့ ၁ နာတီကယ်မိုင် ပတ်လည်နဲ့ မြေပြင်အထက် ပေ ၁၀၀၀ အထိ ပျံသန်းမှုကန့်သတ်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

FAA အုပ်ချုပ်ရေးမှူး ဘရိုင်ယန်ဘက်ဖို့ဒ်က "ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံအတွင်းရှိ ဘောလုံးကွင်းတွေနဲ့ ပွဲလမ်းသဘင်တွေဆီ စုဝေးရောက်ရှိလာကြဖို့ရှိနေလို့ ကျွန်တော်တို့ FAA အနေနဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်ဖို့အတွက် ဒရုန်းထိန်းချုပ်ရေးလုပ်ငန်းတွေအပါအဝင် ရသမျှနည်းလမ်းမျိုးစုံကို အသုံးပြုသွားပါမယ်" လို့ ပြောပါတယ်။

ဒီစည်းကမ်းကို ချိုးဖောက်သူတွေအနေနဲ့ ဒေါ်လာ ၁ သိန်း (စတာလင်ပေါင် ၈၆,၇၀၀ ခန့်) အထိ ဒဏ်ရိုက်ခံရနိုင်သလို၊ ကိရိယာပစ္စည်းတွေ သိမ်းဆည်းခံရတာနဲ့ ဖက်ဒရယ်ဥပဒေအရ အမှုဖွင့်အရေးယူတာတွေအထိ ရင်ဆိုင်ရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောင်းကင်ယံဘေးကင်းလုံခြုံဖို့အတွက် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို(FBI)လည်း ပါဝင်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့အတ္တလန်တာမြို့ရဲ့ FBI အရာရှိ အာရွန်ဟုမ်းပ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဒီနေရာတွေကို ဒရုန်းပျံသန်းခွင့်မရှိတဲ့ဇုန်တွေဖြစ်တယ်ဆိုတဲ့ သတင်းစကား လူတွေသိရှိသွားဖို့ပါပဲ" လို့ ဟုမ်းပ်က ဆိုပါတယ်။

ဆက်လက်ပြီး သူက "ဒရုန်းတွေကို ကြားဖြတ်ဟန့်တားဖို့ လိုအပ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့မှာ အဲဒီအတွက် နည်းပညာတွေရှိပါတယ်။ ဒရုန်းတွေကို ခွဲခြားသတ်မှတ်ဖို့နဲ့ အဲဒီဒရုန်းကို မောင်းနှင်နေသူ ဘယ်မှာရှိလဲဆိုတာကို ရှာဖွေနိုင်တဲ့ နည်းပညာမျိုးတွေ ရှိထားပြီးသားဖြစ်လို့ လိုအပ်ရင် အသုံးပြုသွားပါမယ်" လို့ ပြောပါတယ်။

စည်းကမ်းချိုးဖောက်တဲ့ ဒရုန်းတွေကို လျင်လျင်မြန်မြန် ထောက်လှမ်းနိုင်မယ့် DETER လို့ခေါ်တဲ့ စီမံချက်အသစ်ကိုလည်း ဒရုန်းထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုသွားမယ်လို့ FAA က ဆိုပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံးဘောလုံးပွဲတော်ကြီးကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ လက်ခံကျင်းပသွားပါတယ်။