ဂျော်ဂန်ဆင် အသင်းပြောင်းခွင့်တောင်းပြီးနောက် နောက်ထပ်ဂိုးသမားတစ်ဦး ချဲလ်ဆီးကနေ ထွက်ခွာဖို့ တောင်းဆို
ချဲလ်ဆီးဂိုးသမား ဂါဘရီရယ်လ် စလိုနီနာဟာ ဖိလစ်ဂျော်ဂန်ဆင်လိုပဲ အသင်းကနေ ထွက်ခွာဖို့ လမ်းစရှာနေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် စလိုနီနာဟာ ၂၀၂၂ ခုနှစ်မှာ အမ်အယ်လ်အက်စ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ အသင်းကြီးအတွက် တစ်ပွဲမှ ကစားခွင့် မရသေးသူလည်း ဖြစ်ပါတယ်။
BBC Sport ရဲ့ ဖော်ပြချက်အရ စလိုနီနာဟာ ပွဲထွက်ကစားခွင့် ပိုရဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ အခုအခါ အတင်းအကျပ် ကြိုးစားနေပြီ ဖြစ်ပါတယ်။
ဥရောပက ကလပ်အသင်းအတော်များများက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမဲ့ ချယ်လ်ဆီးအသင်းကတော့ သူတို့စိတ်ကြိုက်ဖြစ်မယ့် ပြောင်းရွှေ့ကြေးမျိုး ရမှသာ လက်လွှတ်သွားမှာပါ။
စလိုနီနာဟာ အမေရိကန်နိုင်ငံကူးလက်မှတ်အပြင် ပိုလန်နိုင်ငံကူးလက်မှတ်ပါ ကိုင်ဆောင်ထားတာကြောင့် ဥရောပကလပ်တစ်ခုခုကို ပြောင်းရွှေ့ဖို့ ပိုပြီးလွယ်ကူသွားစေမှာ ဖြစ်ပါတယ်။
အသင်းဖော်ဂိုးသမား ဂျော်ဂန်ဆင်က အလားတူအကြောင်းပြချက်နဲ့ အသင်းကနေ ထွက်ခွာချင်တယ်လို့ ချယ်လ်ဆီးကို အသိပေးပြီး ရက်ပိုင်းအကြာမှာပဲ အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။