ဘရာဇီးအသင်းမှာ ဘယ်ပြိုင်ဘက်ကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ သတိပေးလိုက်တဲ့ အန်ဆယ်လော့တီ
ဘရာဇီးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ၂၄ နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ရယူသွားတော့မယ်လို့ နည်းပြအန်ဆလော့တီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ကလပ်အသင်းနည်းပြဘဝမှာ ချန်ပီယံလိဂ်ဖလားငါးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ အီတာလျံလူမျိုးနည်းပြက ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ဝေးကွာနေခဲ့တဲ့ ဘရာဇီးအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့အကြီးမားဆုံးစင်မြင့်ထက် စတင်ကိုင်တွယ်သွားရဖို့ ရှိနေပါတယ်။
"ဒါက ကျွန်တော့်အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်သလို ဘောလုံးရဲ့ဇာတိနိုင်ငံကို ကိုယ်စားပြုရတဲ့ တာဝန်သစ်တစ်ခုလည်း ဖြစ်ပါတယ်" လို့ စနေနေ့၊ နယူးဂျာစီမှာ ကစားမယ့် ဘရာဇီးနဲ့ မော်ရိုကိုတို့ရဲ့ အုပ်စု (C) အဖွင့်ပွဲစဉ်မတိုင်ခင် အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
"ဒါကို စကားလုံးနှစ်လုံးတည်းနဲ့ပြောရရင် တာဝန်ယူမှုနဲ့ ဂုဏ်ယူမှုပါပဲ။ ဒါက ကျွန်တော့်ဘဝတစ်လျှောက် တကယ့်ကို ထူးခြားပြီး လှပတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။"
"ကျွန်တော်တို့ဆီမှာ ကမ္ဘာပေါ်ရှိ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတစ်ခု ရှိထားတယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ အရည်အသွေးရော အတွေ့အကြုံပါ ရှိထားတဲ့အသင်းဖြစ်ပြီး ဘယ်သူ့ကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ အပြည့်အဝယုံကြည်ပါတယ်" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အသက် ၆၇ နှစ်အရွယ် အန်ဆယ်လော့တီဟာ စကော့တလန်၊ ဟေတီတို့ပါဝင်တဲ့ ဒီအုပ်စုရဲ့ မော်ရိုကိုနဲ့ အဖွင့်ပွဲစဉ်မတိုင်ခင် သူ့ရဲ့ ကစားသမားတွေ အကောင်းဆုံး ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့သလို တကယ့်ကို "ဟန်ချက်ညီတဲ့" ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဘရာဇီးအသင်းက ၁၈ ပွဲကစား၊ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ ခက်ခဲတဲ့ ခြေစစ်ပွဲစဉ်တွေအပြီး ယုံကြည်မှုပိုင်း အားနည်းချက်နဲ့အတူ အမေရိကန်ပြည်ထောင်စုဆီ ရောက်ရှိလာခဲ့ပါတယ်။ သူတို့က တောင်အာဖရိကဇုန်ခြေစစ်ပွဲမှာ အဆင့် ၅ နေရာသာ ရရှိခဲ့ပြီး အတိတ်ကာလပြိုင်ပွဲတွေမှာဆိုရင် ပလေးအော့ဖ်အဆင့်ကို ကျော်ဖြတ်ရမယ့် ရပ်တည်မှုမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် ဘရာဇီးအသင်းမှာ ဒဏ်ရာကြောင့် တိုက်စစ်မှူးတွေဖြစ်တဲ့ ရိုဒရီဂိုနဲ့ အက်စ်တီဗာအိုတို့မပါဝင်လာဘဲ နေမာကိုလည်း အုပ်စုအဖွင့်ပွဲစဉ်အတွက် လက်လွှတ်ထားရပါတယ်။
အသက် ၃၄ နှစ်အရွယ် နေမာက မေလအတွင်း ညာဘက်ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့ပြီး လာမယ့်သီတင်းပတ်မှာတော့ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနိုင်လိမ့်မယ်လို့ အန်ဆယ်လော့တီက အတည်ပြုခဲ့ပါတယ်။ နေမာက ၂၀၂၃ ခုနှစ်နောက်ပိုင်း၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
"နေမာကိုယ်တိုင်လည်း အမြန်ဆုံးပြန်လည်သက်သာလာအောင် အပြင်းအထန်ကြိုးစားနေပါတယ်။ သူ့ရဲ့ငြင်းပယ်လို့မရတဲ့ဘောလုံးစွမ်းရည်တွေကြောင့်သာမက အသင်းမှာရှိနေတဲ့ လူငယ်ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေနဲ့ စံပြဖြစ်စေဖို့အတွက် သူ့ကို ရွေးချယ်ခေါ်ယူခဲ့တာပါ" လို့ နည်းပြက ဆိုပါတယ်။