ကမ္ဘာ့ဖလားအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းမှ အနားယူမယ်လို့ ပြောကြားလာတဲ့ နူအာ
မန်နူရယ်နူအာက ကမ္ဘာ့ဖလားအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းကနေ နောက်တစ်ကြိမ် အနားယူတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။
ဂျာမနီအသင်းရဲ့ ဝါရင့်ဂိုးသမား မန်နူရယ်နူအာဟာ အခုကျင်းပနေတဲ့ ပြိုင်ပွဲအတွက်ပဲ အသင်းဆီ ပြန်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးမှာတော့ နိုင်ငံတကာကစားသမားဘဝကနေ ထပ်မံအနားယူသွားမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ နူအာဟာ လက်ရှိမှာ ဂျာမနီအသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆက်တိုက်ကစားနေတာဖြစ်ပါတယ်။
သူဟာ ကိုယ့်နိုင်ငံမြေပေါ်မှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ဂျာမနီအသင်း ထွက်ခွာခဲ့ရပြီးနောက်ပိုင်း အနားယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ရာသီဝက်အပြီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် နည်းပြ ဂျူလီယန် နာဂယ်စ်မန်းရဲ့ လူစာရင်းမှာ အံ့အားသင့်ဖွယ် ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။
"ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲပြီးတော့ ၂၀၂၄ မှာ ကျွန်တော် အနားယူခဲ့တာက ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်။ အဲဒါက ကျွန်တော့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့လည်း ခံစားခဲ့ရတယ်။ တကယ်လို့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဆက်ကစားနေမယ်ဆိုရင် ဒါဟာ ကျွန်တော့်အတွက် အားကစားဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေပါလိမ့်မယ်" လို့ နူအာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ဒါဟာ ကျွန်တော့်အတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။
နောက်ထပ် နှစ်နှစ်အကြာမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်ဖို့ ကျွန်တော် အစီအစဉ်မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဒါဟာ ဂျာမနီအတွက် နောက်ဆုံးပွဲတွေ ဖြစ်တော့မယ်ဆိုတာကို လက်ခံနားလည်ခဲ့ပါတယ်။ ဒါပေမဲ့ အနားယူရမှာကိုပဲ တွေးနေတာထက် ရှေ့လာမယ့် ပွဲစဉ်တွေအားလုံးကိုပဲ အကောင်းဆုံး ရင်ဆိုင်သွားချင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။ နူအာဟာ အသင်းဖော် အိုလီဗာ ဘော့မန်းရဲ့ နေရာမှာ ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ဘော့မန်းဟာ နူအာ ပြန်မလာခင်အထိ ပြိုင်ပွဲအတွက် နံပါတ်တစ် ဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
နူအာဟာ ကျူရာဆေးအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု (E) အဖွင့်ပွဲစဉ်မှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာပွဲကို ပြန်လည်ကစားပေးခဲ့ပါတယ်။ "ကျွန်တော်တို့ အိုလီဗာနဲ့ အတူတူ အလုပ်လုပ်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးပေးပြီး အသင်းအတွက် လေ့ကျင့်ပေးကြတယ်။ အသင်းကို ပြန်ရောက်လာပြီးနောက်မှာ အခြေအနေတွေအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့သလို ကျွန်တော် ဘယ်လိုပြန်ရောက်လာတယ်ဆိုတာကိုလည်း ပြောဖြစ်ခဲ့ပါတယ်" လို့ နူအာက ပြောကြားခဲ့ပါတယ်။